Politics & Security
Black Monday လှုပ်ရှားမှုတွင် ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆို

ဖနွမ်းပင် ၊ မေ ၁၁ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၌ လူ ၈ ဦး ခေတ္တ အဖမ်းခံခဲ့ရသော မေလ ၉ ရက်က ပြုလုပ်ခဲ့သည့် Black Monday လှုပ်ရှားမှု နောက်ကွယ်တွင် အမေရိကန်နိုင်ငံ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး William Heidt က မေလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့်တွေ့ဆုံစဉ် အမေရိကန် သံအမတ်က ငြင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Chum Sounry ကဆိုသည်။
“ မှောင်မိုက်သော တနင်္လာနေ့( Black Monday ) လှုပ်ရှားမှုတွင် ပါဝင်တဲ့ အသင်း နဲ့ အရပ်ဖက် အဖွဲ့အစည်းက လူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တာမျိုး မရှိဘူးလို့အမေရိကန် သံအမတ်ကြီးက ခိုင်ခိုင်မာမာ ငြင်းဆိုခဲ့ပါတယ်” ဟု ပြောခွင့်ရ ပုဂ္ဂိုလ် Chum က သတင်းသမားများအား ပြောကြားသည်။
သို့သော် အမေရိကန် သံအမတ်ကြီးသည် ဆန္ဒပြပွဲ မတိုင်ခင် တစ်ရက် အလိုတွင် အသင်းနှင့် အစိုးရမဟုတ်သော အရပ်ဖက် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။ အဆိုပါ Black Monday လှုပ်ရှားမှုတွင် အမေရိကန်နိုင်ငံက နောက်ကွယ်တွင် ပါဝင်ပတ်သက်နေကြောင်း သတင်းစာများ၌ ရေးသားဖော်ပြကြပြီး နောက်တွင် သံအမတ်ကြီးက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယား အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့သည် မေလ ၉ ရက်က အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ပြီး ဖနွမ်းပင် မြို့ပြင်ရှိ Prey Sar အကျဉ်းထောင်ရှေ့တွင် လူ့အခွင့်အရေး နှင့် မြေယာ အခွင့်အရေး အတွက် ဆန္ဒပြခဲ့သူ ၄ဝ ဦးအား အကြမ်းဖက် ဖြိုခွဲပြီး လူ ၈ ဦးအား ယာယီ ထိန်းသိမ်းခဲ့သည်။
၎င်းနေ့ညနေပိုင်းမှာပင် အဖမ်းခံထားရသူများအား ခံဝန်ကတိ လက်မှတ်များထိုး၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)