Connect with us

Politics & Security

တွေ့ရှိထားသော အစိတ်အပိုင်း နှစ်ခုမှာ MH370 လေယာဉ် အစိတ်အပိုင်းများ ဖြစ်ကြောင်း မလေးရှား အတည်ပြု

MH370 လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ အတွက် ကျန်ရစ်သူ မိသားစုဝင်များက ဆုတောင်းမေတ္တာ ပို့သ နေစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ ၊ မေ ၁၂ ရက် (ဆင်ဟွာ)

တောင်အာဖရိက နိုင်ငံနှင့် Mauritian ကျွန်း Rodrigues တို့တွင် ရှာဖွေ တွေ့ရှိခဲ့သည့် လေယာဉ် အစိတ်အပိုင်း နှစ်ခုမှာ ပျောက်ဆုံး နေသော မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်၏ အစိတ်အပိုင်းများ ဖြစ်သည်မှာ သေချာကြောင်း မလေးရှားနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး Liow Tiong Lai က မေလ ၁၂ ရက်တွင် အတည်ပြု ပြောကြားသည်။

အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်တွင် ၎င်း အစိတ်အပိုင်း နှစ်ခုသည် မလေးရှား လေကြောင်းလိုင်း ဘိုးရင်း 777 တွင် တပ်ဆင်ထားသည့် Rolls-Royce အမှတ် တံဆိပ်ပါ လေယာဉ်အင်ဂျင် စက်ဖုံးနှင့် လေယာဉ်စက်ခန်း အတွင်းက အစိတ်အပိုင်း တစ်ခု ဖြစ်သည်မှာ မှန်ကန်ကြောင်း ကျွမ်းကျင်ပညာရှင် အဖွဲ့က အတည်ပြု ပေးနိုင်ခဲ့သည်ဟု ဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ တောင်အာဖရိကနဲ့Rodurigues ကျွန်းမှာ တွေ့ရှိခဲ့တဲ့ အစိတ်အပိုင်း နှစ်ခုဟာ MH370 ရဲ့အစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုတာ လုံးဝ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။ မလေးရှားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံ အာဏာပိုင်များသည် မိုဇမ်ဘစ် နိုင်ငံတွင် ရှာဖွေ တွေ့ရှိခဲ့သော လေယာဉ် အစိတ်အပိုင်းများကို ပျောက်ဆုံးနေသော MH370 ၏ အစိတ်အပိုင်းများ ဖြစ်သည်ဟု အစောပိုင်းကတည်းက အတည်ပြုထားပြီး ဖြစ်သည်။
MH370 လေယာဉ် ကိုယ်ထည်တစ်ခုလုံးကို ရှာဖွေ တွေ့ရှိရန် မလေးရှား၊ သြစတြေးလျ နှင့် တရုတ်နိုင်ငံ အစိုးရများက ဆက်လက် လုပ်ဆောင်နေကြောင်း Liow က ပြောသည်။ ၎င်းရှာဖွေရေးကို ပင်လယ်ပြင် ၁၂ဝ,ဝဝဝ စတုရန်း ကီလိုမီတာ အကျယ်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး လက်ရှိအချိန်ထိ ၁ဝ၅,ဝဝဝ စတုရန်း ကီလိုမီတာ အကျယ်တွင် ရှာဖွေပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လေယာဉ် ပျံသန်းမှု ခရီးစဉ် အမှတ် MH370 လေယာဉ်သည် ၂ဝ၁၄ ခုနှစ် မတ်လ ၈ ရက်တွင် ကွာလာလမ်ပူမြို့မှ ပေကျင်းမြို့သို့ပျံသန်းစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းလေယာဉ်ပေါ်တွင် ခရီးသည် ၂၃၉ ဦး လိုက်ပါသွားပြီး အများစု မှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။
လေယာဉ်ခရီးစဉ် အဆုံးသတ်သွားသည့် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ လေယာဉ်ပေါ် လိုက်ပါသွားသည့် ခရီးသည် တစ်ဦးတစ်ယောက်၏ ရုပ်အလောင်းကိုမျှ ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.