Connect with us

Local

ငွေကြေးကဏ္ဍ ဖွံ့ဖြိုးရန် ဒေါ်လာ သန်း ၁၀၀ ချေးလိုကြောင်း လွှတ်တော်သို့တင်ပြ

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန် အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးယူလိုကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်း တင်ပြခဲ့သည်။

“ဒီချေးငွေ ဒေါ်လာ သန်း ၁၀၀ ကို ကမ္ဘာ့ဘဏ်ရဲ့INTERNATIONAL DEVELOPMENT ASSOCIATION အစီအစဉ်နဲ့ချေးပြီး စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနက ၇၅ ရာခိုင်နှုန်း၊ ဗဟိုဘဏ်က ၂၅ ရာခိုင်နှုန်း သုံးစွဲသွားမှာပါ” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စု လွှတ်တော်သို့ရှင်းပြခဲ့သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ချေးငွေ ဒေါ်လာ ၇၅ သန်းအား နိုင်ငံပိုင် ဘဏ်များ ပြုပြင် တည်ဆောက်ရန် ပြင်ဆင်ခြင်း၊ ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် ကြီးကြပ် ကွပ်ကဲမှု မူဘောင်များ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊ ငွေကြေးဆိုင်ရာ အခြေခံ အဆောက်အအုံများ ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေခြင်း၊ စီမံကိန်း အကောင်အထည် ဖော်မှု ပေါင်းစပ်ညှိနှိုင်းရေးနှင့် စောင့်ကြည့် ကြပ်မတ် ကွပ်ကဲခြင်း၊ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှု အစီအစဉ်များ သတ်မှတ်ထားရှိခြင်း ဟူသည့် လုပ်ငန်း နယ်ပယ် ငါးခုတို့တွင် သုံးစွဲသွားမည် ဖြစ်သည်ဟု ဒုတိယဝန်ကြီးက ရှင်းပြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်များအနက် လုပ်ငန်း တိုးချဲ့ရန် သာမန် အသုံးစရိတ်၊ လက်ရှိ သုံးစွဲနေသော ဝန်ထမ်း လစာစရိတ်၊ ချီးမြှင့်ငွေ၊ ပင်စင် စသည်တို့အတွက် နိုင်ငံတော်က ကျခံ သုံးစွဲနေရသည့် အခြေအနေကို အထောက်အကူပြုသည့် BUDGET SUPPORT အဖြစ် သုံးစွဲရန် ဒေါ်လာ သန်း ၆၀၊ နိုင်ငံပိုင်ဘဏ်များ ပြုပြင် ပြောင်းလဲ တည်ဆောက်ရန် ပြင်ဆင်ခြင်းအတွက် ၇ သန်း၊ အသေးစားငွေကြေး လုပ်ငန်း ကဏ္ဍ၊ ကြီးကြပ်ကွပ်ကဲမှု အဆင့်မြှင့်ခြင်းနှင့် TT စနစ် တည်ဆောက်ခြင်း အတွက် ငါးသန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ထမ်းများ အရည်အသွေး တည်ဆောက်ခြင်း အတွက် သုံးသန်း၊ စုစုပေါင်း ၇၅ သန်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဗဟိုဘဏ် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငွေကြေး လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း ဖွင့်ရန် ဒေါ်လာ ခြောက်သန်း၊ TT စနစ် တည်ဆောက်ခြင်းနှင့် လူသားရင်းမြစ် ဖွံ့ဖြိုးရေး၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲခြင်း နှင့် ငွေကြေး စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များ အဆင့်မြှင့်ရေး အတွက် နှစ်သန်း၊ ငွေပေးချေမှု စနစ် ဖွံ့ဖြိုးရေး အတွက် ၁၅ သန်း၊ ဗဟိုဘဏ် ဝန်ထမ်းများ အရည်အသွေး တည်ဆောက်ခြင်း အတွက် နှစ်သန်း၊ စုစုပေါင်း ၂၅ သန်း သုံးစွဲသွားမည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ရှင်းပြခဲ့သည်။
အဆိုပါ ချေးငွေကာလ သတ်မှတ်ချက်မှာ ဆိုင်းငံ့ကာလ ခြောက်နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်၊ ပေါင်း ၃၈ နှစ် ဖြစ်ပြီး အတိုးမဲ့ ချေးငွေ ဖြစ်သော်လည်း ဝန်ဆောင်ခ အဖြစ် တစ်နှစ်လျှင် ချေးငွေ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမည်ဟု ဒုတိယ ဝန်ကြီးက ရှင်းပြသည်။
နိုင်ငံတော် သမ္မတထံမှ ပြည်ထောင်စု လွှတ်တော်သို့စာဖြင့် ပေးပို့ခဲ့ပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ယနေ့ လာရောက် ရှင်းပြခဲ့သည့် အဆိုပါ ချေးငွေကိစ္စကို လာမည့် သောကြာနေ့နံနက်တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး ဆုံးဖြတ်ကြမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.