Local
စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးမှု အပေါ် မှုတည်၍ ရင်းနှီးမြှုပ်နှံမှုများ တိုးလာလိမ့်မည်ဟု မျှော်လင့်
ရန်ကုန် ၊ မေ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံက စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးမှု အပေါ် မှုတည်၍ ရင်းနှီးမြှုပ်နှံမှုများ တိုးလာ လိမ့်မည် ဟု မျှော်လင့်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ဆင်ဟွာသို့ယနေ့မေလ ၁၈ ရက်တွင် ပြောသည်။
“အခု အစိုးရသစ် တက်လာပြီ။ အဲဒီအခါ သူတို့က စီးပွားရေး ပိတ်ဆို့မှုကို နောက်တထစ် ထပ်လျှော့တယ်။ ကိုယ့်နိုင်ငံဟာ ပြောင်းလဲလာတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် အားလုံး လျှော့တာ အကောင်းဆုံးပဲလို့ မျှော်လင့်တာပေါ့။ သူတို့ဘက်ကလည်း သူတို့ လိုချင်တဲ့ အခြေအနေ တစ်ခုကို မျှော်လင့်ပြီးတော့ တထစ်ခြင်း လျှော့မှာပဲ။ အခုလို လျှော့လိုက်တဲ့ အတွက် ဘဏ်တွေ ၊ ကုမ္ပဏီတွေက အရင်ထက် ပိုပြီး လှုပ်ရှားနိုင်တဲ့ အနေအထား ရှိတယ်။ တစ်ခုရှိတာက စီးပွားရေး ပိတ်ဆို့မှု ရှိလို့ဘာမှ မလုပ်နိုင်ဘူးလို့တစ်ချိန်တုန်းက ပြောကြတယ်။ အခုတော့ စီးပွားရေး ပိတ်ဆို့မှု မရှိတော့ဘူး ကိုယ်တိုင် လှုပ်ရှားကြဖို့လိုတယ်။ အခု စီးပွားရေး ပိတ်ဆို့မှု ရှိတုန်းက လှုပ်ရှားလို့ မရတဲ့ အဖွဲ့အစည်းတွေက ပိတ်ဆို့မှု မရှိတဲ့ အချိန်မှာ လှုပ်ရှားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
စီးပွားရေး ပိတ်ဆို့မှု ရှိသည့် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန်မှာ အဟန့်အတား ဖြစ်နေပြီး စီးပွားရေး ပိတ်ဆို့မှု မရှိပါက ရင်းနှီးမြှုပ်နှံရန် ပိုမို အခွင့်သာကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အတူ အမေရိကန် နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးရာတွင် ပုဂ္ဂလိကပိုင် လုပ်ငန်းများ ပါဝင်လာမည် ဆိုပါက ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမို အဆင်ပြေလာနိုင်မည်ဟု ထင်မြင်ကြောင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကြံပေး ကုမ္ပဏီ Thura Swiss ၏ CEO ဒေါက်တာ အောင်သူရက ပြောသည်။
“အစိုးရ လုပ်ငန်းတွေ ပါဝင်လာတဲ့ အတွက် ကောင်းပါတယ်။ ပိတ်ဆို့မှုတွေ ကျန်နေသေးတာကတော့ အစိုးရသစ် အပေါ် သူတို့စောင့်ကြည့်နေသေးတဲ့ အတွက် ဖြစ်နိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အနေနဲ့ကတော့ အများစုက ငွေကြေး အလွှဲအပြောင်းကိစ္စ တွေမှာ ပုဂ္ဂလိက လုပ်ငန်းတွေကို အများဆုံး သုံးကြတာ ဆိုတော့ ပုဂ္ဂလိက ပါလာရင် ရင်းနှီးမြှုပ်နှံမှု အတွက် ပိုအဆင်ပြေ လာနိုင်မယ် ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
အမေရိကန် နိုင်ငံက စီးပွားရေး အရေးယူ ပိတ်ဆို့မှု စာရင်းတွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း ၇ ခု နှင့် နိုင်ငံပိုင်ဘဏ် ၃ ခုအား ဖယ်ရှားပေးခဲ့သည့်အနက် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများတွင် သတ္တုလုပ်ငန်း ကဏ္ဍများ ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံ၌ သတ္တု ထုတ်လုပ်မှုများ ရှိသော်လည်း ပိတ်ဆို့ကန့်သတ်မှုများကြောင့် ကမ္ဘာ့ဈေးကွက်သို့ချိတ်ဆက်နိုင်ခြင်း မရှိခဲ့ဘဲ ယခု ပိတ်ဆို့မှုများ မရှိတော့သည့် အတွက် ကမ္ဘာနှင့် ချိတ်ဆက်ပြီး အတတ်ပညာနှင့် အရင်းအနှီးများ ဝင်လာနိုင်ကြောင်း မြန်မာနိုင်ငံ သတ္ထု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က သုံးသပ် ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံမှ စီးပွားရေး ပိတ်ဆို့ မှုများအား ဖြေလျှော့ ပေးရာတွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အဆင်ပြေစေရန် လည်းကောင်း ၊ မြန်မာနိုင်ငံအတွင်း ကုန်စည် စီးဆင်းမှု လွယ်ကူ အဆင်ပြေ စေရန် လည်းကောင်း ၊ မြန်မာနိုင်ငံတွင် နေထိုင်သော အမေရိကန် နိုင်ငံသားများ လုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် လည်းကောင်း ၊ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှု အောက်တွင် ရှိနေသော ဘဏ္ဍာရေး ဆိုင်ရာ ငွေကြေး အဖွဲ့အစည်းများ လုပ်ငန်း ကိစ္စများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် လည်းကောင်း ၊ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်ရှိ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး OFAC မှ စည်းမျဉ်း စည်းကမ်းဆိုင်ရာ ညှိနှိုင်း ပြင်ဆင်မှုများ ပြုလုပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)