Local
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ SME လုပ်ငန်းများအား မြို့နယ် အလိုက် စာရင်း ပြုစုသွားမည်
ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အလိုက် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(SMEs) စာရင်းအား ပြုစုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
“ဘယ်မြို့နယ်မှာ SME ဘယ်နှစ်ခု ရှိလဲ။SME တွေထဲက ဘယ်လုပ်ငန်းကို ကျွန်တော်တို့ကူညီလို့ရမလဲ ဆိုတဲ့ အဖြေကို လက်တွေ့ကျကျ သိနိုင်အောင် ကြိုးစားမှာ ဖြစ်ပါတယ်။ဒီအခြေအနေကို ရနိုင်ဖို့ပထမ တစ်ဆင့် စာရင်း ပြုစုဖို့လိုအပ်မှာ ဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
SMEs ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျုဟာ ချမှတ်နိုင်ရေး အတွက် ကိစ္စများ နှင့် အဖြေရှာခြင်းများအား မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဦးဆောင်၍ ယနေ့ဇူလိုင် ၂၉ ရက်တွင် ဖိုရမ် ကျင်းပခဲ့ရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ဖိုရမ်တွင် ပြောကြားနေစဉ်(ဆင်ဟွာ)
SMEs ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဖိုရမ် ကျင်းပစဉ်(ဆင်ဟွာ)
SME ကဏ္ဍ အများဆုံး တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအား စ၍ ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရဘက်မှ ပြင်ဆင်နေကြောင်း အသိပေး ပြောကြားခဲ့သည်။ထို့အတူ မြို့နယ် အသီးသီး ၊ စက်မှုဇုန် အသီးသီးမှာ SME ကဏ္ဍ နယ်ပယ် အသီးသီးကို စာရင်း ပြုစုပြီးပါက ဘဏ်လုပ်ငန်းရှင်များ အသင်းဖြင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၊ SME လုပ်ငန်းများအား စနစ်တကျ စာရင်းသွင်းထားနိုင်ပါက မည်မျှ ငွေထုတ်ချေးနိုင်လဲ ဆိုသည့် အခြေအနေ စနစ်ကို ဘဏ်ဖြင့် ပေါင်းစပ်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
SME များ အောင်မြင်ရန် အတွက် ငွေကြေး ပံ့ပိုးပေးရန် ၊ နည်းပညာ ရရှိရန် ၊ ကျွမ်းကျင် လုပ်သား မွေးထုတ်ပေးနိုင်ရန်တို့ဖြစ်သည့် နယ်ပယ် ၃ ခု လိုအပ်ကြောင်း ၊ SME ကဏ္ဍအား စနစ်တကျ ဖွံ့ဖြိုး တိုးတက်အောင် လုပ်မည် ဆိုပါက ငွေကြေး ပံံ့ပိုးပေးနိုင်ရေး အတွက် ဘဏ်စနစ်သည် SME ၏ အဓိက မောင်းနှင်အား ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ရွာတစ်ရွာ (သို့မဟုတ်) မြို့နယ် တစ်မြို့နယ်တွင် ထုတ်လုပ်သည့် ပစ္စည်း တစ်မျိုးမျိုးအား အားပေး မြှင့်တင်ပြီး ထုတ်လုပ်နိုင်ရန် ကြိုးစားသင့်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ဖိုရမ်တွင် အကြံပြု ပြောကြားခဲ့သည်။
ယခု ဆွေးနွေးပွဲ ဖိုရမ်တွင် ကျေးလက် ဒေသနေ ပြည်သူများ ပါဝင် ဆောင်ရွက်နိုင်သည့် အသေးစား ၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို ဖော်ထုတ်၍ ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။
ယခု ကျင်းပသည့် ဖိုရမ်တွင် SME ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ အကြံပြုချက်များကို ကဏ္ဍ အလိုက် ဆွေးနွေးရန် စီစဉ်ထားပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍ ၊ ကုန်သွယ်မှု ကဏ္ဍ ၊ ဝန်ဆောင်မှု ကဏ္ဍ အပါအဝင် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ၊ စွန့်ဦးတီထွင် SME လုပ်ငန်းသစ်များ လွယ်ကူ လျင်မြန်စွာ ဖြစ်ထွန်းလာရေး နှင့် SME လုပ်ငန်းများ ငွေကြေး အရင်းအနှီး ရရှိရေး တို့ကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)