Local
ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ပိုမိုကျယ်ပြန့်လာဟု ဆို

နေပြည်တော်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
ဒေသတွင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်သည့် ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်း (CBT Community Based Tourism)တွင် ပါဝင် လုပ်ကိုင်လိုသူ ပိုမိုများပြားလာသည်ဟု ဟန်ဆိုင်ဒယ် ဖောင်ဒေးရှင်း(Hanns Seidel Foundation) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz က နေပြည်တော် Horizon Lake View Hotel တွင် ဇွန် ၁၃ နှင့် ၁၄ နှစ်ရက်တာ ပြုလုပ်သည့် နိုင်ငံလုံး ဆိုင်ရာ ပြည်သူလူထုနှင့် ခရီးသွား လုပ်ငန်း ဒုတိယ အကြိမ်ဆွေးနွေးပွဲ (2nd National Conference on Communities and Tourism) ၌ ပြောခဲ့သည်။
“မြန်မာနိုင်ငံမှာ CBT လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်လိုတဲ့ ဒေသခံ ပြည်သူလူထု ပိုများလာပါတယ်၊ အကြောင်းက ဒီခရီးသွား လုပ်ငန်းက ဒေသတွင်း အလုပ်အကိုင်တွေ ဖန်တီးပေးတယ်၊ ဝင်ငွေတိုးစေ တဲ့ အရင်းအမြစ်အသစ်တွေ ဖြစ်ထွန်းလာစေတယ်၊ စားဝတ်နေရေးအတွက် မြို့ကို ပြောင်းရေ့ွှ့မှ ဖြစ် မယ်ဆိုတဲ့ ဖိအားတွေကိုလည်း ကျဆင်းစေတယ်ဆိုတာ လူထုက သိလာကြတယ်” ဟု ၎င်းက ပြောခဲ့သည်။
ဒေသခံပြည်သူများက CBT လုပ်ငန်းများ မည်သို့စတင် အကောင်အထည် ဖော်ရမည်နည်း ဟူသည့် မေးခွန်းကို လွှတ်တော် အမတ်များအား မေးမြန်းလာကြကြောင်း၊ ဒေသခံအများစုတို့သည် CBT လုပ်ငန်း လိုင်စင် လျှောက်ထားနိုင်သည့် အချက်အလက်များ၊ လိုက်နာရမည့် စည်းကမ်းများကိုမူ ရှင်းရှင်းလင်းလင်း မသိကြကြောင်း၊ ထိုသို့ မရှင်းလင်း မသေချာမှုများနှင့်အတူ မလိုအပ်ဘဲ တင်းကျပ်မှုများ ရှိနေသေးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် CBT လုပ်ငန်းများ အောင်မြင်ရေး အတွက် ဒေသခံ ပြည်သူတို့ဆောင်ရွက်သင့်သည်များ၊ အစိုးရအပိုင်းက ကူညီသင့်သည်များကို သိရှိနိုင်ရန် ယနေ့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
CBT လုပ်ငန်းများ၏ အခြေအနေနှင့် ပတ်သက်ပြီး MRTI (Myanmar Responsible Tourism Istitute) ဥက္ကဋ္ဌ ဦညွှန့်ဝင်းနိုင်က ၂၀၁၆ အစောပိုင်းတွင်း နိုင်ငံတော်က အသိမှတ်ပြုလုပ်ကိုင်ခွင့်ပေးထားသည့် CBT ၆ ခု သာရှိကြောင်း၊ CBT တစ်ခုကို ချက်ခြင်းပုံဖော်၍ မရကြောင်း အနည်းဆုံး နှစ်နှစ်၊ သုံးနှစ် အချိန်ယူရကြောင်း၊ CBT တစ်ခုအကောင်အထည်ဖော်ရန် အချိန် ကျွမ်းကျင်မှုနှင့် ဈေးကွက်တို့လိုအပ်ကြောင်းပြောကြားခဲ့သည်။
CBT အတွက် နိုင်ငံတော်က ခွင့်ပြုထားသည့် ခြောက်နေရာ ရှိရာ မကွေးတိုင်းဒေသကြီးရှိ မြိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းဒေသ၊ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၊ ကရင်ပြည်နယ် သံတောင်ကြီးဒေသ၊ ဧရာဝတီမြစ်ကမ်း လင်းပိုင် ရှိရာဒေသ၊ ကယားပြည်နယ်တို့ ဖြစ်ကြပြီး ၂၀၁၇ ခုနှစ်ထဲတွင် ချင်းပြည်နယ် ကန်ပက်လက်နှင့် တနင်္သာရီတိုင်း လန်ပိကျွန်းတို့တွင် ဆက်လက် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
CBT လုပ်ငန်း ဆောင်ရွက်လိုသူတို့အတွက် Hamsahub ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးသုတအောင်က “ကျွန်တော်တို့က UK Aid နဲ့ ပေါင်းပြီးတော့ ပရောဂျက်တစ်ခုကို ဖော်ဆောင်ပါ တယ်။ ပရောဂျက်က ငွေရပြီးရော ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဆင်းရဲသားတွေကို အကျိုးပြုရမယ်။ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရဘူး။ အဲလို တင်ပြနိုင်ရင် ဒေါ်လာ သုံးသောင်းတန် CBT ပရောဂျက်ကို လူတစ်ယောက်က လုပ်ချင်ရင် တစ်ဝက် (ဒေါ်လာတစ်သောင်းခွဲ)အထိကို ငွေထည့်ပေးနိုင်တယ်။ ငွေမလိုတဲ့ သူတွေကျတော့ နည်းပညာ ကျွမ်းကျင်တဲ့သူတွေ ထည့်ပေးပါတယ်ခင်ဗျ။ ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေကို ထည့်ပေးတာပါ” ဟု ပြောခဲ့သည်။ (Xinhua)