Connect with us

CHINA

ကိုရိုနာဗိုင်းရပ်စ်က ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်ပေါ်လာသည်ဟူသော စွပ်စွဲချက်ကို ဝူဟန့်ဓာတ်ခွဲခန်း သိပ္ပံပညာရှင်များ ပယ်ချ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ရန် တိုက်တွန်း 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှု ဓာတ်ခွဲခန်းတွင် nucleic acid စစ်ဆေးမှုနမူနာများအား ကိုင်တွယ်နေသော ဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

လတ်တလော ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်သည် “ဓာတ်ခွဲခန်းတစ်ခုမှ လွတ်ထွက်သွားခဲ့ခြင်းမှာ မဖြစ်နိုင်ကြောင်း” တရုတ်နိုင်ငံ ရောဂါပိုးမွှားဗေဒပညာရှင်များက အမေရိကန် မီဒီယာသို့ ဩဂုတ် ၁၀ ရက်က ပြောကြားခဲ့ပြီး ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရှုပ်ထွေးနေသည့် ကာလအတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။ 

“ကျွန်တော် ဒါကို ထပ်ခါတလဲလဲ အလေးထားပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒီဇင်ဘာ ၃၀ ရက်က ဆေးရုံကနေ ပေးပို့လာတဲ့ SARS နဲ့ဆင်တူတဲ့ အဆုတ်ရောင်ရောဂါ သို့မဟုတ် အဆုတ်ရောင်ရောဂါ အမျိုးအမည်မသိရောဂါ နမူနာတွေကို ရရှိခဲ့တယ်” ဟု ဝူဟန့် အမျိုးသား ဇီဝလုံခြုံရေးဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ယွမ်ကျစ်မင်က NBC News သို့ ပြောကြားခဲ့သည်။ NBC News သည် တရုတ်နိုင်ငံ၌ COVID-19 ဖြစ်ပွားကတည်းက ဝူဟန့် အမျိုးသား ဇီဝလုံခြုံရေးဓာတ်ခွဲခန်းအား ဖိတ်ကြားခဲ့သော ပထမဆုံး အနောက်တိုင်းမီဒီယာ ဖြစ်သည်။ 

ဝူဟန့် အမျိုးသား ဇီဝလုံခြုံရေးဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ယွမ်ကျစ်မင်အား NBC News က တွေ့ဆုံမေးမြန်းခြင်းကို screenshot ရိုက်ယူထားစဉ် (ဆင်ဟွာ)

“အရင်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ဖူးခြင်းမရှိပါဘူး။ ဒါကြောင့် ဒါဟာဓာတ်ခွဲခန်းကနေ ယိုစိမ့်ပေါက်ထွက်လာစရာလမ်းမရှိပါဘူး” ဟု ယွမ်က အလေးထားပြောခဲ့သည်။ ၎င်း၏ မှတ်ချက်များသည် NBC News နှင့် တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သော ဝူဟန့် ရောဂါပိုးမွှားဗေဒသိပ္ပံ (WIV) ညွှန်ကြားရေးမှူး ဝမ်ယန်ရီပြီးနောက် ဒုတိယမြောက်လည်း ဖြစ်သည်။ ဝမ်ယန်ရီက ရောဂါပိုးမွှားဗေဒသိပ္ပံ၏ သိပ္ပံပညာရှင်တစ်ဦးတစ်ယောက်မျှ ရောဂါကူးစက်ခံရခြင်းမရှိဘဲနဲ့ ဗိုင်းရပ်စ်က ဓာတ်ခွဲခန်းကနေ လွတ်ထွက်သွားသည်ဆိုသည့်အချက်မှာ လုံးဝယုံကြည်နိုင်စရာမရှိကြောင်း တွေ့ဆုံမေးမြန်းခြင်း၌ ပြောကြားခဲ့သည်။ 

ဩဂုတ် ၁၀ ရက်က ဖြန့်ချိခဲ့သော “ကိုရိုနာဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ဆိုင်ရာ သုတေသနကို ရှာဖွေရန် တရုတ်နိုင်ငံ ဓာတ်ခွဲခန်း အတွင်းစာမျက်နှာ” ဟူသော NBC ၏ ဆောင်းပါးအား screenshot ရိုက်ယူထားစဉ် (ဆင်ဟွာ)

၁၉၅၀ ပြည့်လွန်နှစ်များအတွင်း တည်ထောင်ခဲ့သော WIV သည် နာမည်ကျော် သုတေသနအဖွဲ့အစည်း တစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပထမဆုံး ဇီဝလုံခြုံရေးအဆင့် ၄ (BSL-4) ရှိသော ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာခဲ့သည်။ COVID-19 ကပ်ရောက်ဂါဖြစ်ပွားပြီးနောက်ပိုင်း၌ WIV သည် ဗိုင်းရပ်စ်ပိုး လွတ်ထွက်လာသည့်နေရာဟူသော လျှို့ဝှက်ပူးပေါင်းကြံစည်မှု အယူအဆများစွာဖြင့် ကြုံတွေ့ရလျက်ရှိသည်။ 

သို့သော်လည်း ဗိုင်းရပ်စ်ယိုစိမ့်မှုသီအိုရီမှာ သက်သေအထောက်အထားမရှိသလို ဗိုင်းရပ်စ်တွင် မူလအစ အရင်းအမြစ်ရှိကြောင်း နိုင်ငံတကာ ပညာရှင်များအသိုင်းအဝိုင်းအကြား သဘောတူညီချက်တစ်ခုမှု ရှိထားပြီးလည်း ဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံ ထိပ်တန်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူနှင့် ကျန်းမာရေးတာဝန်ရှိသူ အန်တိုနီ ဖော့စီ (Anthony Fauci) က အဆိုပါ ဗိုင်းရပ်စ်သည် လူသားများပြုလုပ်ထားခြင်းဆိုသည်မှာ လုံးဝယုံကြည်နိုင်ဖွယ်ရာမရှိကြောင်း လတ်တလော သိပ္ပံပညာရပ်ဆိုင်ရာ သက်သေများက ပြသလျက်ရှိသည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်။ 

 အမေရိကန်နိုင်ငံ အမျိုးသား ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများဌာန ညွှန်ကြားရေးမှူး အန်တိုနီ ဖော့စီအား တွေ့ရစဉ် (ဆင်ဟွာ)

“လင်းနို့တွေမှာ ဗိုင်းရပ်စ်ရဲ့ ဆင့်ကဲဖြစ်ပေါ်လာပုံကို ကြည့်မယ်ဆိုရင် အခု ဘာတွေထွက်ပေါ်လာသလဲ။ ဒီဗိုင်းရပ်စ်ဟာ လူသားများက ဖန်တီးထားတာ ဒါမှမဟုတ် တစ်မင်တကာ ကြိုးကိုင်ခြယ်လှယ်ထားတာဆိုတာကို (သိပ္ပံနည်းကျ သက်သေတွေ) က အလွန့်အလွန်ကို ခိုင်မာမှုအားနည်းနေပါတယ်” ဟု ၎င်းက မေလအတွင်း National Geographic က ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း မှတ်ချက်ပြုခဲ့သည်။ 

ကပ်ရောဂါ ကာကွယ်ရေးအဖြေရှာခြင်းများ ဖော်ထုတ်လျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ အကျိုးအမြတ်မယူသော ကွန်ရက် EcoHealth Alliance ၏ ညွှန်ကြားရေးမှူး ပီတာ ဒတ်ဇက် (Peter Daszak) ကလည်း ဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတစ်ခုမှ လွတ်ထွက်လာသည်ဆိုသည့် သက်သေ လုံးဝ (လုံးဝ) မရှိကြောင်း ထောက်ပြခဲ့သည်။ 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ Baocheng လမ်းပေါ်ရှိ ညဈေးတွင် ဈေးဝယ်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ဝူဟန့်တက္ကသိုလ် Zhongnan ဆေးရုံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးက ကင်ညာနိုင်ငံမှ ပညာရှင်တစ်ဦးနှင့် ဗီဒီယိုခေါ်ဆိုမှုမှတစ်ဆင့် ဆက်သွယ်ပြောကြားနေစဉ် (ဆင်ဟွာ)

“သူတို့က ရောဂါဖြစ်ပွားစေသောပစ္စည်းကို ထုတ်ပြန်ခဲ့ပြီး အကြံဉာဏ်ရယူဖို့ ကျွန်တော့်ဆီကို အလျင်အမြန်ပေးပို့ခဲ့တယ်။ သူတို့အနေနဲ့ ဒါကိုဖုံးကွယ်ဖို့ ကြိုးစားတယ်ဆိုတာ မဟုတ်ပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။အမှန်တကယ်တွင်မူ COVID-19 သည် ဝူဟန့်မြို့ရှိ သုတေသနဓာတ်ခွဲခန်း သို့မဟုတ် ပင်လယ်စာဈေးမှ အရင်းခံလာခဲ့သည်ဟူသော အမေရိကန်နိုင်ငံ အစိုးရက ထပ်ခါတလဲလဲ စွပ်စွဲခဲ့သော်ငြားလည်း ယင်းမှာ သက်သေ တစ်စုံတစ်ရာ ပေးနိုင်ခဲ့ခြင်းမရှိပေ။

NBC News အဆိုအရ လျှို့ဝှက်အေဂျင်စီများက ကိုရိုနာဗိုင်းရပ်စ်သည် လူသားများက ပြုလုပ်ခဲ့သည်ဟူသောအချက်ကို ပယ်ချခဲ့ကြောင်း လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား အမေရိကန် စုံစမ်းထောက်လှမ်းရေး တာဝန်ရှိသူများက ဧပြီလတွင် ပြောကြားခဲ့ကြောင်း သိရသည်။ 

အငြင်းပွားဖွယ် ဗိုင်းရပ်စ်ယိုစိမ့်မှုသီအိုရီကို ရင်ဆိုင်ရာတွင် WIV ညွှန်ကြားရေးမှူး ဝမ်က “ဒါဟာကံမကောင်းစွာနဲ့ဘဲ  ဗိုင်းရပ်စ် မူလအရင်းအမြစ်အတွက် ကျွန်တော်တို့က သူတစ်ပါးအတွက် ကြားခံအဖြစ် ပစ်မှတ်ထားခံရတာပါ” ဟုပြောခဲ့သည်။ 

“ဘယ်သူမဆို ဗိုင်းရပ်စ်တိုက်ဖျက်ရေး သုတေသနနဲ့ ဆက်စပ်လုပ်ငန်းတွေကို လုပ်ဆောင်နေဆဲမှာ အကြောင်းမဲ့ မလိုတမာ စွပ်စွဲချက်တွေကို ဖြစ်လာတဲ့အခါ အင်မတန် စိတ်ဆိုးဒေါသထွက်တာ၊ နားလည်မှုလွဲတာတွေကို ခံစားရမှာ ဧကန်မလွဲပါဘဲ” ဟု ဝမ်က ဆိုသည်။ 

မမျှမတ ပစ်မှတ်ထားခဲ့သော်လည်း COVID-19 ကပ်ရောဂါ ဖိစီးခံနေရသည့်ကြားမှ တရုတ်နိုင်ငံ ကျွမ်းကျင်သူများသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် ရောဂါပိုးမွှားဗေဒသိပ္ပံအနေဖြင့် ရောဂါဖြစ်ပွားစေသောပစ္စည်း၏ မူလအရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို “အပြည့်အဝထောက်ပံ့ပေးသွားမည်” ဖြစ်ကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။ 

အမေရိကန်-တရုတ် ဆက်ဆံရေး ယိုယွင်းလာမှုသည် ရောဂါဖြစ်ပွားမှု လျော့ပါးရန် မရှိမဖြစ်လိုအပ်သော သိပ္ပံနည်းကျ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေမည်ဟု ယွမ်က ဆိုသည်။ “တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှုကို ကျွန်တော်တို့ မမြင်တွေ့လိုပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ သိပ္ပံပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းလို့ပါ။ ပြီးတော့ ကမ္ဘာကြီး တိုးတက် တည်ငြိမ်မှုအတွက်လည်း မကောင်းလှပါဘူး” ဟု ၎င်းက ပြောခဲ့သည်။ 

“အမေရိကန်ရဲ့ သိပ္ပံနည်းပညာ၊ သဘောထားနဲ့ ဆက်စပ်တဲ့ အတွေ့အကြုံတွေအရ အမေရိကန် သိပ္ပံပညာရှင်တွေဆီကနေ ကျွန်တော်တို့ အများကြီး လေ့လာစရာတွေရှိနေပါတယ်။ ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာရပ်ကို ယုံကြည်ဖို့၊ သိပ္ပံပညာရပ်ကို လေးစားဖို့နဲ့ သိပ္ပံပညာရှင်တွေကို ယုံကြည်ဖို့ လိုသေးတယ်ဆိုတာ ကျွန်တော် တွေးမိတယ်” ဟု ဝမ်က မှတ်ချက်ပြုခဲ့သည်။  (Xinhua)