CHINA
COVID-19 မူလအစမှာ တရုတ်နိုင်ငံဖြစ်သည်ဟူ၍ ထရမ့်ထောက်ခံသူများက တွစ်တာပေါ်တွင် ဝါဒဖြန့်

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ထောက်ခံသူများ ဖြစ်ဖွယ်ရှိသည့် တွစ်တာအသုံးပြုသူအုပ်စု ၃၀ ခန့်က ရီပက်ဘလစ်ကန်ပါတီ သို့မဟုတ် လက်ယာအစွန်းရောက် လျှို့ဝှက်ပူးပေါင်းကြံစည်မှုအယူအဆ QAnon ဖြင့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံက ဖန်တီးထားသော ဇီဝလက်နက်တစ်ခုဖြစ်သည်ဟူသော ကောလာဟလများကို ဝါဒဖြန့်ခဲ့ကြကြောင်း သုတေသနအသစ်တစ်ခုအရ သိရသည်။
Australia Institute ၏ Center for Responsible Technology မှ ပညာရှင်အဖွဲ့တစ်ခုက မတ်လမကုန်မီ ၁၀ ရက်အတွင်း တွစ်တာအသုံးပြုသူ ၂.၆ သန်းကို လေ့လာဆန်းစစ်ခဲ့ပြီးနောက် ကွန်ဆာဗေးတစ် ရှေးရိုးစွဲ နိုင်ငံရေးသမားများ သို့မဟုတ် QAnon တို့နှင့်အတူ မိတ်ဖက်အုပ်စုအမည်ခံ အုပ်စု၂၈ ခုက COVID-19 ရောဂါ မူလအစနှင့်ပတ်သက်၍ ဝါဒဖြန့်ချိခဲ့ကြသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် မေ ၂၉ ရက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေသည့် သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)
တွစ်တာအသုံးပြုသူအုပ်စုများစွာက ပို့စ်များ (posts) ကို မကြာခဏ ဝေမျှခဲ့ကြကြောင်း သုတေသနက ဖြည့်စွက်ပြောခဲ့သည်။
လူမှုမီဒီယာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သော ကောလာဟလများသည် ဇန်နဝါရီလအစောပိုင်းကတည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး အချို့သောအစိုးရများက “စစ်ဘက် အတွေ့အကြုံများ” ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဗိုင်းရပ်စ်အသစ်ကို ဖန်တီးခဲ့ကြောင်း အမေရိကန် နိုင်ငံရေးသတင်းစာဖြစ်သော Politico က ဇွန် ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အချက်အလက် စစ်ဆေးသူအဖွဲ့များစွာက ယင်းကောလာဟလများကို ပယ်ချခဲ့သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် မတ် ၅ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုအား တွေ့ရစဉ် (ဆင်ဟွာ)
“တရုတ်ဇီဝလက်နက် COVID-19 “ ဟူ၍ လျှို့ဝှက်အကြံအစည်အယူအဆကို တံဆိပ်ကပ်ကာ တွစ်တာအသုံးပြုသူအုပ်စုများက အကြိမ်ပေါင်း ၉၀၀ နီးပါးဖြန့်ဝေခဲ့သည်ကို ပညာရှင် သုတေသီများက တွေ့ရှိခဲ့သည်ဟု သတင်းက ဆိုသည်။
“အဲဒီအွန်လိုင်း သတင်းစကားမက်ဆေ့ချ်တွေဟာ အကြိမ်ပေါင်း ၁၈,၅၀၀ ရှိခဲ့ပြီး ကောလာဟလကို ကြည့်ရှုသူ ၅ သန်းကျော်ရှိခဲ့ကြောင်း” သိရသည်။
မတ် ၁၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က “ကိုရိုနာ” ဆိုသည့်စကားလုံးကို ဖျက်ကာ “တရုတ်နိုင်ငံ” ဟူသောစကားလုံးဖြင့် အစားထိုးထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
မေလအစောပိုင်းတွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဗိုင်းရပ်စ်၏ မူလအစသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့မှလာသည်ဟူသည့် “ ကြီးမားသော သက်သေ” ရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်း၏ပြောကြားချက်အပေါ် အတည်ပြုရန် ခိုင်လုံသောသက်သေကိုမူ ပြနိုင်ခဲ့ခြင်းမရှိပေ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံဘက်မှ အချက်အလက် သို့မဟုတ် သက်သေ တစ်စုံတစ်ရာ လက်ခံရရှိခဲ့ခြင်းမရှိသည့်အတွက် ထိုသို့ ဗိုင်းရပ်စ်၏ မူလအစပေါ်ပြောဆိုခြင်းသည် “ထင်မြင်ချက် စိတ်မှန်းဖြင့်ပြောဆိုခြင်း” သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov ကလည်း “အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအပေါ် ဖိအားပေးတဲ့ နေရာတိုင်းမှာ အားပြည့်အင်ပြည့် အပြုအမူကို အစွမ်းကုန် အသုံးပြုနေတယ်” ဟု မေ ၃၀ ရက်က National Interest မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခြင်း၌ ပြောကြားခဲ့သည်ကို TASS သတင်းအေဂျင်စီက ကိုးကားဖော်ပြခဲ့သည်။
“ဒါက နိုင်ငံတကာဆက်ဆံရေးမှာ နောက်ထပ် မသေချာမရေရာမှုကို တိုးစေတယ်ဆိုတာ ရှင်းရှင်းလင်းဖော်ပြနေတယ်လို့ ကျွန်တော်ထင်တယ်” ဟု Ryabkov က ပြောခဲ့သည်။
ထို့ပြင် The Wall Street Journal ကလည်း အမေရိကန်နိုင်ငံ၏ ကြေညာချက်က တရုတ်နိုင်ငံ၏ တိုးတက်မှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု မေ ၃၀ ရက်တွင် သတင်းဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)