Connect with us

CHINA

တရုတ်တပ်မတော်မှ လာအိုနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီရန် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ထပ်မံပေးအပ်

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သော လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တာဝန်ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန  မှ လာအိုနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနသို့ ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲကို ဇွန် ၂ ရက်က လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းရှိ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

လာအိုနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စစ်သံမှူး Chen Yongjing က တရုတ်နိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် လာအိုနိုင်ငံ၏ တန်ဖိုးရှိသော ထောက်ပံ့မှုအကူအညီများအတွက် လာအိုနိုင်ငံအား ကျေးဇူးတင်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ 

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ရောက်ရှိလာသော တရုတ်စစ်လေယာဉ်ပေါ်မှ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို လာအိုစစ်သားတစ်ဦးက သယ်ယူနေစဉ်(ဆင်ဟွာ) 

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါပြန့်နှံ့ဖြစ်ပွားမှု နှင့်အတူ တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်(PLA) အနေဖြင့် ဗိုင်းရပ်စ်အား တိုက်ဖျက်ရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် တတ်ကြွစွာ လုပ်ဆောင်နေကြောင်း စစ်သံမှူး Chen Yongjing က ပြောကြားခဲ့သည်။ 

စစ်သံမှူး Chen Yongjing က ပြီးခဲ့သော ဧပြီလကုန်ပိုင်းတွင် လာအိုနိုင်ငံ COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေး ကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်ရန် တရုတ်တပ်မတော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့သည် လာအိုနိုင်ငံသို့ ပထမအသုတ် လှူဒါန်းခဲ့သည့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ နှင့်အတူ ရောက်ရှိလာခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

“လာအိုတပ်မတော်ရဲ့ အရေးပေါ်လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးဖို့ အသက်ရှူစက်တွေ၊ မော်နီတာတွေ နဲ့ အခြား ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပါဝင်တဲ့ ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေကို ဒီနေ့မှာ တရုတ်လေတပ်လေယာဉ်က သယ်ဆောင်လာတာပါ” ဟု စစ်သံမှူး Chen Yongjing က ပြောကြားခဲ့သည်။ 

“ကပ်ရောဂါ တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းကြိုးပမ်းမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ တပ်မတော်နှစ်ရပ်ရဲ့ ပူးပေါင်းအားထုတ်မှုဟာ တရုတ်-လာအို ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမယ် လို့ ယုံကြည်ပါတယ်။”ဟု ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

လာအိုပြည်သူ့တပ်မတော် အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Vongkham Phommakone က ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုများကို ချီးကျူးခဲ့ပြီး   ထောက်ပံ့မှု နှင့် ကူညီမှုများအတွက် တရုတ်တပ်မတော်အား လာအိုတပ်မတော်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)