Connect with us

CHINA

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြော

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ဇွန် ၄ ရက်တွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

 

 ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေး ရရှိရေးနှင့် အသုံးပြုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက် ကာကွယ်ဆေးသုတေသန ညှိနှိုင်းဆောင်ရွက်ရာတွင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဓိကကျသောအခန်းကဏ္ဍကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။

လီသည် ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံခြင်း ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (GAVI) အတွက် ရန်ပုံငွေမြှင့်တင်ရန် ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးရရှိစေရန် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ရန်ပုံငွေများကို နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အတွက် ကာကွယ်ဆေးကို သုတေသနပြုခြင်း၊ ဖော်ထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများကို အရှိန်မြှင့်တင်ရာတွင် တိုက်ရိုက်အသုံးပြုသွားမည် ဖြစ်သည်။

 တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Sinovac Biotech Ltd တွင် ဝန်ထမ်းတစ်ဦးက COVID-19 inactivated vaccine ကာကွယ်ဆေး နမူနာ ပြသနေစဉ် (ဆင်ဟွာ)

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း ၃၀ ကျော်မှ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂနှင့် WHO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

COVID-19 ရောဂါကူးစက်မှုကို တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံက ပြည်သူများ၏ အသက်ကို ပထမဦးစားပေးထားရှိခဲ့ကာ ခက်ခက်ခဲခဲကြိုးပမ်းအားထုတ်ခြင်းဖြင့် ကူးစက်ရောဂါကို ထိရောက်စွာ ထိန်းချုပ်လျက်ရှိကြောင်း ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။

သို့သော်လည်း ကပ်ရောဂါသည် မပြီးဆုံးသေးကြောင်း၊ မည်သည့်နိုင်ငံတွင်မျှ ဗိုင်းရပ်စ်ကို ခံနိုင်သည့် ကိုယ်ခံစွမ်းအားမရှိကြောင်းနှင့် များပြားလှသော လူဦးရေ၏ ကျန်းမာရေးနှင့် ဘေးကင်းမှုသည် နီးကပ်စွာ ချိတ်ဆက်လျက်ရှိကြောင်း လီက ဆိုသည်။

ပြီးခဲ့သည့်လက ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) ဖွင့်ပွဲ၌ တရုတ်နိုင်ငံက အားလုံးအတွက် ကမ္ဘာ့ကျန်းမာရေး အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးအတွက် အဆိုပြုခဲ့ကြောင်း၊ COVID-19 ရောဂါ တုံ့ပြန်ရေးတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အကြံပြုချက်များနှင့် ဆောင်ရွက်ချက်များကို တင်ပြခဲ့ကြောင်း လီက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ရောဂါကူးစက်သည့်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ရောဂါ တုံ့ပြန်ရေးနှင့် လူမှုရေးနှင့် စီးပွားရေး နာလန်ထူနိုင်ရေးအတွက် တတ်စွမ်းသမျှ အကူအညီများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း လီက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ခိုင်မာသော အကာအကွယ်ဖြစ်သော ကာကွယ်ဆေးရရှိမှုနှင့်အတူ ကြီးလေးသောစိန်ခေါ်မှုများ ကျန်ရှိနေဆဲဖြစ်ကြောင်း လီက ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် သုတေသနနှင့် တိုးတက်မှု ရည်မှန်းချက်များ ပြီးမြောက်ကာ ဘေးကင်း ထိရောက်ပြီး အရည်အသွေးကောင်းမွန်သည့် ကမ္ဘာ့အများပြည်သူများဆိုင်ရာ ကုန်ပစ္စည်းတစ်ခု ထောက်ပံ့နိုင်ရန် စင်တာများစွာ၌ လက်တွေ့စမ်းသပ်မှုများ မြှင့်တင်ရန်နှင့် ဖြစ်နိုင်သမျှမြန်မြန် ဈေးကွက်အတွင်း အလွယ်တကူဝင်ရောက်နိုင်ရေးအတွက် ဆက်လက်လုပ်သွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက COVID-19 ရောဂါကာကွယ်ဆေး၊ ဆေးဝါးများနှင့် ရောဂါစမ်းသပ်ပစ္စည်းများဆိုင်ရာ သိပ္ပံနည်းကျသုတေသနကို မြှင့်တင်လျက်ရှိကြောင်း၊ ကာကွယ်ဆေး သုတေသနနှင့် တိုးတက်မှုတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးမှာ လွန်စွာအရေးပါကြောင်း မှတ်ယူထားသည်ဟု လီက ဆိုသည်။

တရုတ်နိုင်ငံသည် မကြာသေးမီက ဥရောပသမဂ္ဂ (EU) နှင့် COVID-19 ဆိုင်ရာ အွန်လိုင်းဆွေးနွေးမှုကွန်ဖရင့်တွင် ပါဝင်ခဲ့ပြီး နိုင်ငံ အဖွဲ့အစည်းအားလုံးနှင့် ဆက်စပ်လျက်ရှိသော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ဆက်လက်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဝန်ကြီးချုပ် လီက ပြောခဲ့သည်။

GAVIအနေဖြင့် တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားရှိကာ တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထိုးခြင်းနှင့် နိုင်ငံတကာဆိုင်ရာ ကြိုးပမ်းအားထုတ်ခြင်းများကို ထောက်ခံလျက်ရှိသည်ဟု ဆိုသည်။ ထို့ပြင် လီက GAVI ၏ ရန်ပုံငွေလည်ပတ်မှုကို ကူညီရေး၊ GAVI နှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာရန် တရုတ်နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) အဖွဲ့အစည်းများနှင့် ကာကွယ်ဆေးထုတ်လုပ်သူများကို တွန်းအားပေးရေးနှင့် ကာကွယ်ဆေး အသုံးပြုမှု မြှင့်တင်ရာတွင် GAVI ၏ အခန်းကဏ္ဍကို ထောက်ခံရေး စသည့် တရုတ်နိုင်ငံ အစိုးရ၏ ဆန္ဒသဘောထားကို ပြောကြားခဲ့သည်။ 

“ကူးစက်ရောဂါကို ဖြစ်နိုင်သမျှမြန်မြန် ကျော်လွှားသွားဖို့ ကျွန်တော်တို့ အတူတကွလုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ပြောခဲ့သည်။  (Xinhua)