Connect with us

MYANMAR

မလေးရှားနိုင်ငံရောက် ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၇၈၈ ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၄,၀၃၅ ဦးအား ပြန်လည် ခေါ်ဆောင်

မလေးရှားနိုင်ငံ၌ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ခဲ့မှုများကို တွေ့ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မလေးရှားနိုင်ငံရောက် ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ၊ အလုပ်လက်မဲ့ ဖြစ်နေသည့် တရားဝင် မြန်မာအလုပ်သမားများ၊ အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ညှိနှိုင်းပေါင်းစပ်လျက် ကယ်ဆယ်ရေး /အထူးလေယာဉ်များ ၂၄ ကြိမ်တိုင်တိုင် ပျံသန်းပြေးဆွဲကာ ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၇၈၈ ဦးအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၄,၀၃၅ ဦးအား ပြန်လည် ခေါ်ဆောင် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

ထို့အတူ ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၇၀၀ ဦးကျော်အား နိုဝင်ဘာ ၅ ရက်တွင် မလေးရှားနိုင်ငံ အစိုးရ အစီအစဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက် ထားရှိကြောင်း ဝန်ကြီးဌာနမှ ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထား ရသော မြန်မာနိုင်ငံသား ၂၈၀ ဦးအား မလေးရှားနိုင်ငံ အစိုးရအစီအစဉ်ဖြင့် Malaysia Airlines စင်းလုံးငှား အထူးလေယာဉ် ပျံသန်းပြေးဆွဲလျက် နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ရာ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူ များမှ လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ထိန်းသိမ်းခံမြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် နိုင်ရေး အတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ နိုင်ငံသားမှန်ကန်မှု စိစစ်၍ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်( Certificate of Identity- C of I) ထုတ်ပေးခဲ့ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ တို့နှင့် ပူးပေါင်းညှိနှိုင်းလျက် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ လိုက်ပါစီးနင်းလာသည့် စင်းလုံးငှား အထူးလေယာဉ် ဆိုက်ရောက်ပျံသန်းရေးဆိုင်ရာ ကိစ္စရပ်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ၎င်းတို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှလည်းကောင်း၊ ကျန်းမာရေးစိစစ်ရေးနှင့် သီးသန့်စီစဉ်ပေးသည့် နေရာများ၌ အသွားအလာ ကန့်သတ်မှု (၇) ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့မှလည်းကောင်း၊ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် အသီးသီး တာဝန်ယူဆောင်ရွက် ပေးခဲ့ကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.