Connect with us

MYANMAR

တောင်ကိုရီးယားနိုင်ငံ၌ အမေရိကန်စစ်သား နှင့် အရပ်သား ၁၈ ဦးထံတွင် COVID-19 ရောဂါ တွေ့ရှိ

တောင်ကိုရီးယားနိုင်ငံ Cheorwon ရှိ စစ်မဲ့ဇုန်(DMZ) အနီးတွင် အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- Xinhua/Park Jin-hee)

ဆိုးလ် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ စမ်းသပ်စစ်ဆေးရာတွင် အမေရိကန်စစ်သား ၁၃ ဦး နှင့် အခြားအရပ်သား ၅ ဦးထံတွင် positive ရလဒ်အဖြေများ တွေ့ရှိခဲ့ကြောင်း ကိုရီးယားရောက် အမေရိကန်တပ်ဖွဲ့(USFK) က ထုတ်ဖော်ပြောကြားခဲ့သည်။

USFK မှ ထုတ်ပြန်သောကြေညာချက်တစ်စောင်တွင် အောက်တိုဘာ ၂၅ ရက် မှ အောက်တိုဘာ ၂၉ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာခဲ့သော USFK- တွဲဖက်အဖွဲ့မှ လူ၁၈ ဦးထံတွင် COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန် တပ်ဖွဲ့ဝင် ၉ ဦး နှင့် မှီခိုတစ်ဦးတို့သည် အမေရိကန်အစိုးရ စင်းလုံးငှားလေယာဉ်များဖြင့် အောက်တိုဘာ ၂၅ ရက် ၊ ၂၈ ရက် နှင့် ၂၉ ရက်များတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် တောင်ဘက် ၇၀ ကီလိုမီတာအကွာ Pyeongtaekမြို့တွင်တည်ရှိသော Osan လေတပ်အခြေစိုက် စခန်းသို့ ရောက်ရှိလာခဲ့ကြသည်။

ထို့ပြင် အမေရိကန်တပ်ဖွဲ့ဝင် ၄ ဦး ၊ မှီခို ၃ ဦး နှင့် အလုပ်ကန်ထရိုက်တာ တစ်ဦးတို့သည် ဆိုးလ်မြို့အနောက်ဘက်ရှိ အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ နိုင်ငံတကာ ပုဂ္ဂလိက လေကြောင်းလိုင်းများမှတဆင့် အောက်တိုဘာ ၂၇ ရက် နှင့် ၂၈ ရက်များတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာများကို Humphreys စခန်း နှင့် Osan လေတပ်အခြေစိုက်စခန်းရှိ သီးခြာခွဲထားနေရာများသို့ အသီးသီးပို့ဆောင်ပေးထားကြောင်း နှင့် ယင်းစခန်းနှစ်ခုစလုံးသည် Pyeongtaekမြို့တွင် တည်ရှိကြောင်း သိရသည်။
လက်ရှိအချိန်ထိ တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်နိုင်ငံ USFK-တွဲဖက် တပ်ဖွဲ့ဝင်များအနက် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၇၇ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအပေါ် စိုးရိမ်ဖွယ်ရာအဖြစ် ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၉၇ ဦးရှိခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၂၆,၇၃၂ ဦးထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

နိုင်ငံအတွင်း တစ်ရက်လျှင် အတည်ပြုလူနာ ၁၀၀ အောက်တွေ့ရှိမှုသည် ၆ ရက်ဆက်တိုက်ရှိခဲ့ပြီးဖြစ်သော်လည်း ဆိုးလ်မြို့တော်တွင် အသေးစား အစုလိုက်အပြုံလိုက်ကူးစက်မှု များ ဖြစ်ပွားခဲ့ခြင်းကြောင့် ပြီးခဲ့သော ရပ်များတွင် အတည်ပြုလူနာသစ်အရေအတွက်မှာ ကိန်းဂဏန်နှစ်လုံးအထိ ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။(Xinhua)