MYANMAR
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၅၅) ဦးထိရှိလာ

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂၃) ခု၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး ထပ်မံတွေ့ရှိလာသဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ (၁၅၅) ဦးထိ ရှိလာကြောင်း ယနေ့ည မေ ၃ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ(၄)ဦးသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ အမျိုးသမီး ၃ဦးနှင့် တာမွေမြို့နယ် မှ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ထဲမှ ၃ဦးသည် ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့မှုရှိပြီး ကျန်တစ်ဦးသည် အတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ဓာတ်ခွဲနမူနာစစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိသူ စုစုပေါင်း (၄၃) ဦးရှိပြီဖြစ်ပြီး ၎င်းတို့အနက် (၂၉) ဦးမှာ ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်ကာ ၎င်းတို့အား သတ်မှတ် နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်ထားရှိကြောင်း သိရသည်။
လက်ရှိတွင် ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦးရှိကြောင်း သိရသည်။ကျန် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၂၀) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှု ပေး လျက်ရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသခန်းတွင် ကုသမှုခံယူနေသူ (၂) ဦးရှိကြောင်း သိရသည်။(Xinhua)