Connect with us

MYANMAR

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာအားကစားပြိုင်ပွဲအချို့ ရွှေ့ဆိုင်းထား

မြန်မာဘောလီဘောအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာအားကစားပြိုင်ပွဲအချို့ ရွှေ့ဆိုင်းထားကြောင်း၊ ပြန်လည်ကျင်းပမည်ဆိုပါက ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ယှဉ်ပြိုင်လေ့ကျင့်ရေးဌာနခွဲ (၁) မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် က ဆိုသည်။

၎င်းက “လက်ရှိမှာ ဘာအားကစားပြိုင်ပွဲမှ မရှိသလို အားကစားသမားတွေ ကိုလည်း မတ်လ ကတည်းက ကျွန်တော်တို့ ပြန်လွှတ်ထားတယ်။ COVID-19 ရောဂါ ရဲ့ အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့ အားကစားပြိုင်ပွဲတွေ ဘယ်တော့ ကျင်းပမယ်ဆိုတာ ကြိုင်တင်အကြောင်းကြားမှာပါ” ဟု ယနေ့ မေ ၄ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။ 

၂၀၂၀ပြည့်နှစ်အတွင်း  အရှေ့တောင်အာရှချန်ပီယံရှစ် မြားပစ် ပြိုင်ပွဲနှင့် အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိနေပြီး COVID-19 ရောဂါ အခြေအနေကြောင့်  ကျင်းပမည့်ရက် ရွှေ့ဆိုင်း ထားကာ ပြန်လည်ကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

ဦးခွန်ဂျာအောင်က “သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်တွေ က နိုင်ငံတကာ အားကစားအဖွဲ့တွေ နဲ့ ညှိနှိုင်းပြီး ကျွန်တော်တို့ ဌာနက လိုအပ်တဲ့ စီစဉ်ဆောင်ရွက်မှုတွေ ကိုဆောင်ရွက်ပေးတာဖြစ်ပါတယ်။ လောလောဆယ် တော့ ပြည်တွင်းပွဲစဉ်တွေရော၊ နိုင်ငံတကာပွဲစဉ်တွေရော ဘာပြိုင်ပွဲမှ မရှိပါဘူး။ မြားပစ်ပြိုင်ပွဲက နောက်ဆုတ်လိုက်ပါတယ်။ ရက်ပြန်ကြေညာမှာပါ။ အာရှဖလား ဘောလီဘောပြိုင်ပွဲက တော့ သြဂုတ်လ မှာကျင်းပမှာဖြစ်လို့ အခြေအနေစောင့်ကြည့်နေပါတယ်’’ ဟုပြောသည်။

အာရှဖလား   အမျိုးသားဘော်လီဘောပြိုင်ပွဲသည် အာရှဒေသတွင်းနိုင်ငံများမှ ဇုန်အလိုက် အနေအထားဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ရှစ်သင်းပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်အနေဖြင့် ယင်းပြိုင်ပွဲကို   ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခြင်းဖြစ်ကြောင်း နှင့် ၂၀၁၂ ခုနှစ်က တစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ဖူးကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ၂၀၀၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်နှစ်တစ်ကြိမ်   ကျင်းပခြင်းဖြစ်သည်။  မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်သည် ယခုနောက်ပိုင်းနှစ်များတွင် အရှေ့တောင်အာရှနှင့် အာရှအဆင့်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။

မြန်မာအားကစားသမားများကို လက်ရှိတွင် စခန်းသွင်းလေ့ကျင့်မှုများရပ်နားထားကြောင်း၊ COVID-19 ရောဂါ အခြေအနေပေါ်မူတည်၍ စခန်းသွင်းလေ့ကျင့်မှုများ ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးခွန်ဂျာအောင် ၏ ပြောကြားချက်အရသိရသည်။  (Xinhua)