Connect with us

MYANMAR

ဆေးရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ခွဲစိတ်ခန်းသုံး ဝတ်စုံများအား ပြည်တွင်းအထည်ချုပ်စက်ရုံ တစ်ခုက ချုပ်လုပ်လျက်ရှိ 

ခွဲစိတ်ခန်းသုံးဝတ်စုံများအား ချုပ်လုပ်နေသော စက်ရုံ အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ) 

ပြည်တွင်းရှိ ဆေးရုံများ၌ တိုးပွားလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ခါသုံး ခွဲစိတ်ခန်းသုံး ဝတ်စုံ(surgical gowns)များအား ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တစ်ခုက ချုပ်လုပ်လျက် ရှိကြောင်း သိရသည်။ 

အဆိုပါ ခွဲစိတ်ခန်းသုံး ဝတ်စုံများ စတင် ချုပ်လုပ်ဆောင်ရွက်ခဲ့မှုများအား ရွှေဆည်းဆာ အထည်ချုပ် စက်ရုံ ပိုင်ရှင် ဒေါ်နှင်းသက်မွန်က “စစချင်းတုန်းကတော့ မိသားစု အလှူပဲပေါ့နော်။ အမဝမ်းကွဲတွေနဲ့ စကားပြောရင်းနဲ့ ဒီလိုမျိုး အခြေအနေ ဖြစ်နေပြီ ဘာလုပ်ကြမလဲပေါ့။ ဒီလိုတွေကလဲ အခက်အခဲ ရှိနေတယ်။ အမ အမျိုးသားရဲ့ အစ်မတွေက ဆရာဝန်တွေပါ။ အဲဒီတော့ ဆရာဝန်တွေ ဘာလိုအပ်နေလဲ ဆိုတာ သူတို့ အချင်းချင်း သိကြတယ်။ သိကြတဲ့ အခါကြတော့ ဘာစလုပ်ကြမလဲပေါ့။ သင်္ကြန်အရှေ့မှာ ကျွန်မတို့ စပြီး စမ်းသပ်ပါတယ်။ ပိတ်စတွေ ရှာတယ်။နမူနာတွေ ချုပ်တယ်။ ဒီလိုတွေ လုပ်ရင်းနဲ့ သင်္ကြန် အရှေ့လောက်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် စမ်းသပ်ပြီးတော့ ဒီဟာကို ချုပ်လိုက်မယ် ဆိုပြီးတော့ လောလောဆယ် ကိုယ့်အလှူနဲ့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပဲ အစ်မတွေရော အကုန်လုံးစုပြီး လှူပြီးတော့ ပြည် Quarantine စင်တာကို စလှူပါတယ်။ သူရဲ့ Feedback က ပြန်ပေးတော့ ကောင်းတယ်။အိုကေတယ်။အကုန်လုံး ဝတ်လို့လဲ ရပါတယ်ပေါ့။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

 ခွဲစိတ်ခန်းသုံးဝတ်စုံများအား ချုပ်လုပ်နေသော စက်ရုံ အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ) 

“ဒါကို social business ဆိုပြီး အဲဒီလမ်းကြောင်းကို သွားတာပါ။ ဒီ material ဖိုးတွေနဲ့ ဝန်ထမ်းလစာပေးဖို့ကလွဲရင် အမြတ်မယူထားဘူး။ အနည်းဆုံး အဖြစ်နိုင်ဆုံး အနိမ့်ဆုံး ကုန်ကျစရိတ်နဲ့ ထုတ်လုပ်ထားပါတယ်။ ဒါတွေက တစ်ခါသုံးတွေပါ။ လက်ရှိဈေးနှုန်းအနေနဲ့ကတော့ ၁၅၀၀ နဲ့ သတ်မှတ်ထားပါတယ်။ ကျွန်မတို့ဆီကနေ တိုက်ရိုက်မရောင်းချပါဘူး။ ကျွန်မတို့အစ်မတွေကပဲ Donation for Heroes of Coronavirus ဆိုပြီး ထောင်ထားတဲ့ page တစ်ခု ရှိပါတယ်။ အဲဒီ Page ကနေပဲ ဝင်လှူပါ။ လှူတဲ့သူနာမည်ကို ဒီကနေပြီး မှတ်တမ်းလေး ထုတ်ပေးလိုက်ပါတယ်။ တစ်ဖက်မှာလည်း ဆရာဝန်တွေနဲ့ချိတ်ထားပါတယ်။ ဘယ်ဆေးရုံအတွက် လိုပါတယ် ဆိုရင် ဒီဆေးရုံက ၅၀ ဖြင့်သော်လည်းကောင်း ၊  ၁၀၀ ဖြင့်သော်လည်းကောင်း တစ်ခါတည်း ပို့ပေးလိုက်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

လက်ရှိတွင် စက်ရုံ၌  ဝန်ထမ်း ၄၀ ခန့်ဖြင့် ချုပ်လုပ်မှုများ လုပ်ဆောင်လျက် ရှိနေပြီး တစ်နေ့လျှင် ခွဲစိတ်ခန်းသုံး ဝတ်စုံ အထည် ၁,၄၀၀ ခန့်အား ချုပ်လုပ်လျက် ရှိကြောင်း သိရသည်။ 

“အခုနောက်ပိုင်းကျတော့ ဆရာဝန်တွေက positive လူနာတွေနဲ့သာ PPE ဝတ်ရပြီးတော့ ကျန်တဲ့လူနာတွေနဲ့ကြည့်ရင် surgical gown ဝတ်ပြီး ကြည့်ရတာ ဖြစ်နေတဲ့အတွက်ကြောင့် အဓိကအားဖြင့် မြန်မာပြည်မှာရှိတဲ့ဆရာဝန်တွေ တိုက်ပွဲကျမသွားအောင် သူတို့ကို ကူညီတဲ့အနေနဲ့ ဒီပစ္စည်းကို စထုတ်မယ်ဆိုပြီး ရည်ရွယ်ပြီး ထုတ်ဖြစ်တာပါ။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

“အခုလောလောဆယ် တစ်နေ့ကို ၁၄၀၀ လောက်ပဲ ထုတ်နိုင်ပါသေးတယ်။ အခြေအနေအရ စက်ရုံမှာ လူဘယ်နှယောက်ချဲ့ပြီးတော့ ထုတ်လို့ရမလဲဆိုတာ ထပ်တိုးနိုင်ပါတယ်။ အခုကျွန်မတို့က တစ်သောင်းခွဲ လျာထားပါတယ်။ တစ်သောင်းခွဲအတွက် ကုန်ကြမ်း(material)တွေ ဝယ်ထားပြီးပြီ။ နောက်ဟာတွေအတွက်တော့ မခန့်မှန်းနိုင်သေးဘူး။ ဒီ material တွေကို ပြည်တွင်းက ဆိုင်လေးတွေကနေပဲ ဝယ်ထားတာပါ။ နိုင်ငံခြားကနေ အဆက်အသွယ်ရှိလို့ material သွင်းပေးနိုင်တဲ့သူရှိရင်လည်း ဆက်သွယ်နိုင်ပါတယ်။”ဟု  စက်ရုံ ပိုင်ရှင် ဒေါ်နှင်းသက်မွန်က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်တွင် ရောဂါ စတင် တွေ့ရှိချိန်ကတည်းက COVID-19 ရောဂါကူးစက်မှုကို တိုက်ဖျက်ရန် ကျန်းမာရေး ဝန်ထမ်းများသည် ရှေ့တန်းမှနေ၍ လုပ်ဆောင်ခဲ့ရသည်။ 

ယခုအခါတွင် မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြု လူနာ ဦးရေ ၁၅၁ ဦး ရှိပြီး သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။  (Xinhua)