MYANMAR
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၈၄ ဦးရှိလာ ၊ ပျောက်ကင်းသူ ၉၇ ဦးရှိ

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၈၄ ဦးရှိလာပြီး ရောဂါပျောက်ကင်းသူ ၉၇ ဦး ရှိလာကြောင်း ယနေ့ မေ ၁၇ ရက်နေ့ ညပိုင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆေးသုတေသနဦးစီးဌာန (DMR)နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အနေဖြင့် ဓာတ်ခွဲနမှုနာ ၃၈၆ ဦးအား ရောဂါစစ်ဆေးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦး ထပ်မံတွေ့ရှိလာသဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၄) ဦးထိ ရှိလာကြောင်း သိရသည်။
အဆိုပါ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ(၂)ဦးသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိသလို ရောဂါအတည်ပြုလူနာနှင့် လည်း ထိတွေ့မှုရှိသူဖြစ်ကြောင်းနှင့် ပုဇွန်ထောင်မြို့နယ်မှ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရောဂါအတည်ပြုလူနာနှင့် ထိတွေ့မှုမရှိဘဲ မလေးရှားနိုင်ငံသို့ သွားရောက်ထားသော ခရီးသွားရာဇဝင်ရှိသူဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၂) ဦး (Case-146 နှင့် အမှတ် ၂ တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁,၀၀၀) မှ Case-156) ရှိခဲ့သဖြင့် (၁၇-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၉၇) ဦးရှိကြောင်း ၊၎င်းတို့အနက် (၈၄) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်၍ ဆက်လက်စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။ (Xinhua)