Connect with us

MYANMAR

နိုင်ငံပိုင်ဟိုတယ် ငှားရမ်းခ ၅၀ ရာခိုင်နှုန်းကင်းလွတ်ခွင့်တောင်းဆိုချက်အား ဖြေလျော့ပေးနိုင်ရန် နည်းလမ်းရှာဆောင်ရွက်လျက်ရှိ 

နိုင်ငံပိုင် ဟိုတယ်တစ်လုံးဖြစ်သော နန်းမြိုင်ဟိုတယ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

COVID-19 ရောဂါဖြစ်ပွားသည့်ကာလတွင် နိုင်ငံပိုင်ဟိုတယ် ငှားရမ်းခ ပေးသွင်းခြင်းအား ၆လ ရွှေ့ဆိုင်းပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းရှင်များက ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးရန် တင်ပြတောင်းဆိုချက်အပေါ် ဖြေလျော့မှုပေးနိုင်ရန် နည်းလမ်းရှာဖွေ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန် က ပြောကြားသည်။

၎င်းက “COVID-19 ရောဂါဖြစ်ပွားတဲ့ ကာလ မှာ ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ ဟိုတယ် လုပ်ငန်းရှင်တွေ ၊ ခရီးသွားလုပ်ငန်းရှင်တွေ ရဲ့ အခက်အခဲ ကိုစာနာတဲ့ အနေနဲ့ ဖြေလျော့မှုတွေဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ နိုင်ငံပိုင်ဟိုတယ် ငှားရမ်းခလုံးဝကင်းလွတ်ခွင့် ၅၀ ရာခိုင်နှုန်းပေးဖို့ တောင်းဆိုထားတာကိုလည်း ကျွန်တော်တို့ နည်းလမ်းရှာပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်” ယနေ့ မေ ၁၇ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလည်ပတ်နိုင်စေရန် အခက်အခဲဖြစ်နေသည့် ယခုကာလတွင် တောင့်ခံထားနိုင်ရန် ချေးငွေများလည်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။“ချေးငွေရရှိဖို့ လုပ်ငန်းကော်မတီမှာ ကျွန်တော်ပါပါတယ်။ လုပ်ငန်းကော်မတီအဖွဲ့ဝင် ၁ ယောက်အနေနဲ့ မိမိခရီးသွားလုပ်ငန်းနယ်ပယ်မှာရှိတဲ့ လုပ်ငန်းရှင်တွေ အားလုံးချေးငွေရရှိအောင် ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်” ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် COVID-19 အလွန်တွင် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Online မှတဆင့် သင်တန်းများဖွင့်လှစ် သင်ကြားရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)