Connect with us

MYANMAR

ပြည်ပမှ ပြန်လာသူ သုံးဦးထံမှ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၈ ရက်(ဆင်ဟွာ)

ပြည်ပနိုင်ငံမှ ပြန်လည်ဝင်ရောက်လာပြီး အသွားအလာကန့်သတ်ထားရှိသူ သုံးဦးထံမှ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံတွင် စုစုပေါင်း ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၇ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။ 

ယခု စစ်ဆေးတွေ့ရှိခဲ့သော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် သုံးဦးမှာ တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီ မြို့နယ်မှ အသက် ၄၆ နှစ် အရွယ် အမျိုးသား တစ်ဦး ၊ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်မှ အသက် ၂၂ နှစ် နှင့် ၃၅ နှစ် အရွယ်ရှိသူ အမျိုးသား နှစ်ဦးတို့ဖြစ်ပြီး မလေးရှား နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးသွား ရာဇဝင် ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

COVID-19 ဓာတ်ခွဲစစ်ဆေးမှုကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၃၇၆) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၀၀) ခုတို့အား မေ ၁၇ ရက် အတွက် စစ်ဆေးခဲ့ပြီး ပထမ အသုတ်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် နှစ်ဦး နှင့် ဒုတိယ အသုတ်တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် သုံးဦး စုစုပေါင်း ငါးဦးထံတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ၌ မေ ၁၈ ရက်အထိ ရောဂါပိုးကင်းစင်လာသူ ၉၇ ဦး ၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။ (Xinhua)