Connect with us

MYANMAR

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင်  COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ဇွန်  ၁ရက် မှ စ၍ ပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနအား တွေ့ရစဉ် (ဆင်ဟွာ)

မန္တလေး၊ မေ ၃၀ ရက် (ဆင်ဟွာ)

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင်  COVID-19ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ကို ဇွန်လ (၁) ရက်၌ စတင်စစ်ဆေးပေးတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေး ဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန တာဝန်ခံ၊ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာ မေဝင့်ဝါက ဆင်ဟွာ ကို မေ ၃၀ ရက်တွင် ပြောသည်။

ဒေါက်တာမေဝင့်ဝါက “စပြီးစစ်ဆေးတဲ့ ပထမတစ်ပတ် အတွင်းမှာတော့ မန္တလေးတိုင်းဒေသကြီး အတွက်ပဲ စစ်ဆေးမှု တွေဆောင်ရွက်ပေးမှာပါ။ တစ်ပတ်နောက်ပိုင်းမှာတော့ တစ်ခြားပြည်နယ် နဲ့ တိုင်းဒေသကြီးတွေအတွက်ပါစစ်ဆေးမှုတွေကို  ပါဆောင်ရွက်ဖို့ ရှိပါတယ်။ စစစ်ဆေးတဲ့ အခါမှာတော့ တစ်ရက် ကို အယောက် ၁၈၀ လောက်အထိ စစ်ဆေးနိုင်မယ် မှန်းထားပါတယ်။ နောက်ပိုင်းတော့ ၂၈၀ လောက်အထိ တိုးစစ်ဆေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်မတို့ က စလုပ်ခါစ ဖြစ်ပေမယ့် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမှာပါ။’’ ဟုပြောသည်။  

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင် Control Sample များကို COVID-19 ဓာတ်ခွဲစစ်ဆေးမှုအတွက် မှန်ကန်တိကျမှုအရှိဆုံး (Gold Standard) ဟု သတ်မှတ်ထားသည် Real time RT-PCR  နည်းပညာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အဖြေမှန်ကန်တိကျမှု (၁၀၀) ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ကြောင့် ဇွန်လ (၁) ရက်နေ့မှ စတင်၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) ၌ အထက်မြန်မာပြည်မှ ဓာတ်ခွဲနမူနာများအား Real time RT-PCR နည်းပညာဖြင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက် စစ်ဆေးပေးနိုင်သော ဓာတ်ခွဲခန်းအဖြစ် အထက်မြန်မာပြည်တွင် တည်ရှိသွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန မှ မေ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဒေါက်တာမေဝင့်ဝါက “ဓာတ်ခွဲအဖြေက နမူနာအနည်းအများ ပေါ်မူတည်မှာ စစ်ဆေးချိန်က ဒီနေ့ မနက် စစ်ရင် နောက်နေ့ ညနေ လောက် အဖြေ ထွက် နိုင်အောင်ကြိုးစားနေပါတယ်။’’ ဟုဖြည့်စွက်ပြောကြားသည်။ 

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင် COVID-19 ဓာတ်ခွဲ စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၌ သင်တန်းများရယူခဲ့ကြောင်း၊ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်အစိုးရနှင့် မန္တလေးမြို့၊ မြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေရှာဖွေရေးကော်မတီတို့မှ မော်လီကျူလာနည်းပညာဖြင့် စစ်ဆေးနိုင်ရန် ထောက်ပံ့လှူဒါန်းထားသော စက်ပစ္စည်း ကိရိယာများနှင့် ဓာတ်ခွဲဆေးပစ္စည်းများကို အသုံးပြု၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) ၌ ဓာတ်ခွဲစစ်ဆေးမှု စာတွေ့နှင့် လက်တွေ့သင်တန်းပို့ချခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) မှလည်း နည်းပညာပိုင်းဆိုင်ရာနှင့် စက်ပစ္စည်းနှင့် ဓာတ်ခွဲပစ္စည်းများ ဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မန္တလေးတိုင်းဒေသကြီးရှိ “ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန” ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဌာနခွဲအဖြစ် (၁၉၆၉) ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကာ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါစသည့် ဗိုင်းရပ်စ်ရောဂါများအား စစ်ဆေးခြင်း၊ ဘက်တီးရီးယားပိုးမွေးမြူခြင်းနှင့် ဆေးယဉ်ပါးမှု ဓာတ်ခွဲစစ်ဆေးခြင်းများကို ယခင်ကတည်းက ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဓာတ်ခွဲစစ်ဆေးမှုများ၏ အရည်အသွေးမှန်ကန်ကောင်းမွန်မှုများအတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ Quality Control Program များတွင်ပါဝင်၍ စစ်ဆေးဆောင်ရွက်ထားရှိခဲ့ကြောင်း သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.