Connect with us

MYANMAR

COVID-19 ရောဂါ ကာကွယ်လာနိုင်မှုအရ ကန့်သတ်ချက်များအား ဖြည်းဖြည်းချင်း  ဖြေလျှော့သွားမည်ဟု ဆို

ပြန်လည်ဖွင့်လှစ်လာသော စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသည် COVID-19 ရောဂါ တုံ့ပြန်ရေးတွင် မိမိတို့ရှိ စွမ်းဆောင်ရည်နှင့် အရင်းအမြစ် များကို အသုံးပြုပြီး နိုင်နိုင်နင်းနင်း  ကာကွယ်လာနိုင်သော အနေအထားသို့ ရောက်ရှိလာ ကြောင်း၊  ထိုသို့ ကာကွယ်နိုင်သည်နှင့်အမျှ ကန့်သတ်ချက်များအား ဖြည်းဖြည်းချင်း ဖြေလျှော့ ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့် ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေ ကျင်းပသည့် ပုံမှန် အွန်လိုင်း သတင်းစာ ရှင်းပွဲတွင် အိမ်တော် သတင်းထောက်များအား ပြောကြားခဲ့သည်။

“COVID-19 အပေါ် တုံ့ပြန်ရာမှာ ကမ္ဘာ့နိုင်ငံ့ ခေါင်းဆောင်အားလုံးမှာ တူညီတဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကိုင်တွယ် ဖြေရှင်းပုံချင်း မတူကြဘူး၊ မြန်မာနိုင်ငံရဲ့ လတ်တလော အနေအထားကို ကျန်နိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်လို့ ရပါတယ်၊ ရှိသမျှ အရင်းအမြစ်နဲ့ ကိုင်တွယ် ဖြေရှင်းရာမှာ ကျေနပ်အားရမှု ရှိပါတယ်၊ ပြည်သူတွေက ပူးပေါင်းပါဝင်မှု အရမ်းကောင်းလို့ ထိုက်တန်တဲ့ အောင်မြင်မှုတွေ ရလာတာပါ” ဟုလည်း ၎င်းက ပြောခဲ့သည်။

ကန့်သတ်ကာလကို ဇွန်လ ၁၅ ရက်နေ့အထိ ရက်တိုးထားသော်လည်း စားသောက်ဆိုင်များအား စည်းမျဉ်းများဖြင့် စနစ်တကျ ဖွင့်စေခြင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လေးမြို ့နယ်ကို ဖြေလျှော့ ပေးခြင်းများ စတင် ဆောင်ရွက်ထားပြီ ဖြစ်ကြောင်း၊ အစိုးရ ဝန်ထမ်းများ ယခင်လကဲ့သို့ ၅၀ ရာနှုန်း သာ အလုပ်ဆင်းခြင်းအား ဇွန်လ (၁) ရက်နေ့မှ စပြီး ရာနှုန်းပြည့် အလုပ်ဆင်းရန် စတင် ပြောင်း လဲခြင်း စသည်တို့ ဖြေလျှော့လာကြောင်းလည်း ၎င်းက ပြောခဲ့သည်။

“လတ်တလောမှာ မလေးရှားနဲ့ အိန္ဒိယက ပြန်လာတဲ့ ပြည်တော်ပြန်တွေမှာ ပိုးတွေ့ရတော့ ပြည်တော်ပြန်အားလုံးကို စစ်ဆေးတယ်၊ quarantine ထားပြီး ဆောင်ရွက်နေတာ ဖြစ်လို့ အနေအထားတစ်ခုတော့ ထိန်းထားနိုင်ပါပြီ၊ တစ်ပတ် နှစ်ပတ် ဆက်ကြည့်ရမယ့် အနေအထား လည်း ဖြစ်ပါတယ်၊ ဖြည်းဖြည်းချင်း ဖြေလျှော့ပေးရင်းက လူတွေကလည်း အပြင်ထွက်ရင် mask တပ်ရမယ်၊ ဘယ်လို သွားလာနေထိုင်ရမယ်ဆိုတာ သိလာပြီး COVID-19 အတူ ယှဉ်တွဲနေ ထိုင်ခြင်း ကို အသားကျလာမယ်၊ ကာကွယ်ဆေးတို့ကုသဆေးတို့ ပေါ်လာမယ်၊ လူတွေရဲ့ အုပ်စုလိုက် ခံနိုင်ရည်လည်း ကောင်းလာမယ်ဆိုရင်တောင် အရင်လို ပြန်နေဖို့အချိန်က အတော်ကြာဦးမှာ၊ အကြာကြီး ကန့်သတ်ထားဖို့ကလည်း မဖြစ်တော့ တဖြည်းဖြည်း ဖြေ လျှော့သွားမှာပါ” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

အစိုးရအနေဖြင့် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် လူထုက လိုက်နိုင်ပြီး လက်တွေ့ကျ သည့် အခြေအနေကို ထည့်သွင်း စဉ်းစားရကြောင်းနှင့် ကန့်သတ်ရက် ထပ်တိုးကာလ ဇွန် ၁၅ ရက် နီးလာ သည့်အခါ ထပ်မံ ဖြေလျှော့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။ (Xinhua)