Connect with us

MYANMAR

COVID-19 ရောဂါ အိန္ဒိယနိုင်ငံမှပြန်လာသူ ၁၇ ဦးတွင် ထပ်မံတွေ့ရှိ၊ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ  ၂၂၄ ဦးထိရှိလာ

COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးအတည်ပြုချက်များအရ အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၁၇ ဦး၌ COVID-19 ရောဂါ တွေ့ရှိရပြီး စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ ၂၂၄ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးက ယနေ့ (မေ ၃၀ ရက်) နံနက်အစောပိုင်းတွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

မေ ၂၉ ရက်အတွက် စစ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ (၄၉၈) ခု၊ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၀၁) ခု နှင့်အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ (၅၄) ခု၊စုစုပေါင်း (၆၅၃) ခုအား မေ ၃၀ ရက် နံနက်အစောပိုင်း၌ စစ်ဆေးမှုပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၇) ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၁၇)ဦးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ ပန်းဘဲတန်း၊ အလုံမြို့နယ်များမှ ၁၅ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သာမြို့နယ်မှ ၂ဦးတို့ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှပြန်လည်ရောက်ရှိလာသည့် COVID-19ပိုးတွေ့ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၃၀) ဦးရှိလာပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)