Connect with us

MYANMAR

ပြည်ပနိုင်ငံများမှ ပြန်လာသူ ၂၃ ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ဘတ်စ်ကားပေါ်တွင် နှာခေါင်းစည်း တပ်ဆင်၍ စီးနင်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) 

ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ ၂၃ ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နံနက်ပိုင်း အချိန် ထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၈၆ ဦး ရှိလာခဲ့ကြောင်း သိရသည်။

ယခု စစ်ဆေးတွေ့ရှိခဲ့သည့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၃ ဦးတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၉ ဦး ၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ၄ ဦးတို့ ပါဝင်ပြီး ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်ကာ ၎င်းတို့အား  သက်ဆိုင်ရာ သတ်မှတ်ဆေးရုံများတွင် ဆက်လက်၍ ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဇွန် ၁၈ ရက်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၃၂၇) ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၄၀) ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀၃) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ (၃၇၀) ခု နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊ စုစုပေါင်း (၂,၄၂၂) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၃) ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်းများအနက် ဇွန် ၁၈ ရက်အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၈၇) ဦးရှိပြီး ၎င်းတို့အနက် (၁၇၂) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်မှ ဇွန် ၁၉ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၈၆ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် သေဆုံးသူ ၆ ဦး ရှိခဲ့သည်။ (Xinhua)