Connect with us

MYANMAR

အခြေခံ မိသားစုများကို ဒုတိယ အကြိမ်အဖြစ် ကျပ် နှစ်သောင်းစီ ထောက်ပံ့မည်ဟု ဆို

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

COVID-19 ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့မှု အဖြစ် အခြေခံ လူတန်းစား အိမ်ထောင်စု ၅ ဒသမ ၄ သန်းကျော်အား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့ရန် ညွှန်ကြားထားပြီး ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ပြန်လည် စတင်သော သမ္မတအိမ်တော် ပုံမှန် သတင်းစာ ရှင်းပွဲ၌ ပြောကြားခဲ့သည်။

“မိုဘိုင်း Payment နဲ့ ပို့ပေးနိုင်ဖို့ မြို့သုံးမြို့ကို pilot မြို ့တွေအဖြစ် ရွေးချယ်ခဲ့ပါတယ်၊ နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့၊ မန္တလေးတိုင်း ဒေသကြီးရှိ မိတ္ထီလာမြို့နဲ့ ရှမ်းပြည်နယ်ရှိ ကလောမြို ့ကို ရွေးခဲ့ပြီး အဲဒီ မြို့သုံးမြို့က အခြေခံပြည်သူများထံ မိုဘိုင်း Payment ဖြင့် ကျပ်ငွေ နှစ်သောင်း လွှဲပို့ရန် ညွှန်ကြား ထားပြီး ဖြစ်ပါတယ်၊ ကျန်ဒေသများကိုတော့ မိုဘိုင်း Payment ဖြင့် မပို့ဘဲ အုပ်ချုပ်ရေး ယန္တရားများမှ တစ်ဆင့် ငွေသား ဖြန့်ဝေဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ပထမဆုံး မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလ မတိုင်ခင် ဧပြီ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ ပုံမှန် ဝင်ငွေမရှိသည့် အခြေခံ ပြည်သူ လေးသန်းကျော်ကို အခြေခံ စားကုန် ငါးမျိုး ဖြန့်ဝေပေးခဲ့ရာမှာ ကျပ် ဘီလီယံ ငါးဆယ်ကျာ် ကျသင့်ခဲ့ကြောင်း၊ ထိုသို့ဖြန့်ဝေခဲ့ရာမှာ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့က  လေးရက်အတွင်း အမြန်ဆုံး ဖြန့်ဝေနိုင်ခဲ့ပြီး ဖြန့်ဝေမှု အကြာ ဆုံးမှာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ဖြစ်သည်ကို တွေ့ရကြောင်း၊ အမြန်ဆုံး ဖြန့် ဝေနိုင်သည့် အထဲတွင် မကွေးတိုင်းဒေသကြီးကပိုပြီးကျယ်ပြန့်သောကြောင့် မကွေးတိုင်း ဒေသကြီး၏ လုပ်ဆောင်ချက်ကို လေ့လာသုံးသပ်ပါကြောင်း၊ လမ်းပန်း ခက်ခဲသည့် ချင်းပြည်နယ်၌ စားနပ်ရိက္ခာ များ ပို့ဆောင်ရေး ခက်ခဲသည်ကို တွေ့ရသဖြင့်နောက်တစ်ကြိမ် ဖြန့်ဝေသည့်အခါ မည်သို့လုပ်ဆောင် သင့်သည်ကို သုံးသပ်ကြောင်း၊ စာရင်းကောက်ယူရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သည်များ ရှိနိုင်ကြောင်းနှင့် တခြားနိုင်ငံမှ ပြန်ဝင်လာသော မိသားစုများ စာရင်းကောက်ချိန်တွင် ကျန်ခဲ့သည်များ လည်း ရှိနေကြောင်း၊ အဆိုပါ ကျန်ခဲ့သည့် မိသားစုများအား ပံ့ပိုးနိုင်ရန် တိုင်းဒေသကြီး ပြည်နယ်အလိုက် စာရင်းကောက်သည့်အခါ ပထမအကြိမ်တွင် ကျန်ခဲ့သည့် အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သန်း ပေါ် ထွက်လာကြောင်း၊ ထိုအိမ်ထောင်စုများအား ကျပ်ငွေ တစ်သောင်းခွဲစီ ငွေသားဖြင့်ပေးရန် ညွှန်ကြား ထားပြီး ဖြစ်ကြောင်း၊ ပထမအကြိမ် စားနပ်ရိက္ခာများ ဖြန့်ဝေခဲ့ရာ၌ အောက်ခြေတွင် ဝေဖန်ပြောဆိုမှု အမျိုးမျိုး ရှိခဲ့ရာ ယခု ဒုတိယ အကြိမ်တွင် ကာယကံရှင်များ လက်ထဲသို့ ငွေသားပေးခြင်းက ပိုပြီး ထိရောက်မည်ဟု ယူဆ ကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ထိုသို့ ထောက်ပံ့ခြင်းကို CERP (COVID-19 Economic Relief Plan) အရ ဆောင်ရွက်ခြင်း ဖြစ် ကြောင်း၊ ဧပြီလ အတွင်း ဆောင်ရွက် ခဲ့သည် ပထမအကြိမ် ပံ့ပိုးမှု အတွေ့အကြုံများအရ ယခု အကြိမ်တွင် အားလုံး ပြေပြေလည်လည်ဖြစ်စေရန် ဆောင်ရွက်နေကြောင်း၊ အခြေခံ လူတန်းစား များအတွက် အခြားသော နောက်ထပ် ထောက်ပံ့မှုများ ပြုလုပ်ရန် အကြီးအကဲများက စဉ်းစားထား သည်များလည်း ရှိကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။ 

COVID-19 ကာလအတွင်း တရားစွဲဆို အရေးယူမှု ဖြစ်စဉ်များ ရှိခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာန၏ စာရင်းပေးပို့ချက်အရ တစ်နိုင်ငံလုံး၌ COVID-19 နှင့် ပတ်သက်သော အရေးယူမှုများ၊ ရာဇသတ်ကြီး အရ ရာဇဝတ်မှုကြောင်းအရ အရေးယူရသည်များ လည်း ရှိကြောင်း၊ တစ်နိုင်ငံလုံးတွင် အမှုပေါင်း ယမန်နေ့(ဇွန် ၁၈ ရက်) အထိ ခုနစ်ထောင်ကျော်ရှိခဲ့ရာ တရားခံ အဖြစ် ၁၂,၀၀၀ ကျော် ဖမ်းဆီးရမိ ခဲ့ပြီး ၂၂၅ ဦးကို မမိခဲ့ကြောင်း၊ COVID-19 နှင့် ပတ်သက်ပြီး သဘာ၀ ဘေး စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသည့် အမှုပေါင်း ၁၀၀ ကျော်ရှိခဲ့ရာ ၁၇၆ ဦးကို အရေးယူခဲ့ကြောင်း၊ ကူးစက်ရောဂါ ဥပဒေ အရ ဦးတိုက်လျှောက်ထားတဲ့ အမှုပေါင်း ၅၄၈၀ ကျော်ရှိပြီး အရေးယူခံရသူပေါင်း ၈၄၇၀ ကျော် ရှိ ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)