Connect with us

MYANMAR

မြန်မာတစ်နိုင်ငံလုံးရှိ ပြန်လည်ဖွင့်လှစ်ထားသော ကျောင်းများအားလုံးတွင် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အသေးစိတ်စိစစ်ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသားတစ်ဦးအား ကျောင်းအတွင်း မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်လည်ဖွင့်လှစ်သည့် ကျောင်းများအားလုံးတွင် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အသေးစိတ်စိစစ်ဆောင်ရွက်လျက်ရှိပြီး ရှောင်တခင်စစ်ဆေးခြင်းများ၊ ကျောင်းသားများ ၏ ကျန်းမာရေးနှင့် ပတ်သက်၍ နေ့စဉ် အစီရင်ခံတင်ပြခြင်းများနှင့် COVID-19 ရောဂါပညာပေး အချက်အလက်များ စုစည်းထားသော ဝက်ဘ်ဆိုက် QR Code များကျောင်းတိုင်းတွင် တပ်ဆင်ခြင်းများအားဆောင်ရွက်လျက်ရှိကြောင်းပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာကို သြဂုတ် ၈ ရက်တွင်ပြောသည်။ 

“ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းတွေဖွင့်ပြီးနောက်ပိုင်း ကျောင်းများကို ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်နေပါတယ်။  အထူးစစ်ဆေးရေးအဖွဲ့များစေလွှတ်ပြီး စစ်ဆေးနေတာပါ။ ကျောင်းတွေကလည်း နေ့စဉ်ထူးခြားမှုရှိမရှိကို နေ့စဉ်တင်ပြရတယ်။ ကျောင်းတက်စာရင်း၊ ပျက်သည့်စာရင်း တွေကိုလည်း ကျောင်းတွေကCOVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ နဲ့ သက်ဆိုင်ရာတွေ ကော်မတီတွေကိုပြန်လည်ပေးပို့ရပါတယ်’’ ဟု ၎င်းကပြောသည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ် ရေးကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုက်နာရမည့်အချက်အလက်များ၊ ပညာပေး သိကောင်းစရာ အချက်အလက်များ စုစည်းထားသည့် QR Code ကို Scan ဖတ်၍ ဖုန်းများဖြင့် ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်း နှင့် ကျောင်းဝင်ပေါက်များ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ကပ်ထားရန် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်   ညွှန်ကြားထားကြောင်း သိရသည်။

“နေမကောင်း၊ဖျားနာသူ ရှိမရှိ သိချင်လို့ နေ့စဉ် ရီပို့လုပ်ရတာဖြစ်တယ်။ တကယ်လို့ ဖျားနာ သံသယရှိဖွယ် ကလေးရှိရင် လိုက်နာရမယ့် အချက်အလက်တွေကို အသေးစိတ်ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ COVID-19 ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အသေးစိတ်လွတ်မသွားရအောင်စိစစ်ဆောင်ရွက်နေတဲ့ သဘောပါ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တစ်လျှောက်လုံးတွင်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် ဆန်းစစ်အကဲဖြတ်အဖွဲ့ (monitoring team) များဖွဲ့စည်းကာ ကျောင်းများ၌ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှုအခြေအနေများကို ပုံမှန် နှင့် ရှောင်တခင် စစ်ဆေးခြင်းနှင့် စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်း (monitoring) တို့အား အထူး တိတိကျကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အခြေခံပညာကျောင်း (၁) ကျောင်းစီအလိုက်လည်း စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်းများကို အဖွဲ့ဖွဲ့ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်းစစ်ချက်များအားလုံးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများထံ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ကျောင်းများတွင်တပ်ဆင်ထားသော QR Code အား scan ဖတ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ COVID-19 ရောဂါကာကွယ်တားဆီးရေးဝက်ဆိုက်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ယင်းဝက်ဘ်ဆိုက်တွင် အခြေခံပညာ ကျောင်းများဖွင့်လှစ်ရာ၌ လိုက်နာရမည့် စည်းကမ်းချက်များ၊    ကျောင်းသားနှင့် မိဘများ၊ ကျောင်းကြို/ပို့သူများ လိုက်နာရမည့် အချက်များအပြင် နှာချေ၊ ချောင်းဆိုး ရာတွင် လိုက်နာရမည့်အချက်များနှင့် နှာခေါင်းစည်းစနစ်တကျ တပ်ဆင်နည်းများ ပါဝင်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေး ဝန်ကြီးဌာန က(A အဆင့်) အထက်တန်းကျောင်း ၃,၇၇၂ ကျောင်းကို ၂၀၂၀ပြည့်နှစ် ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  အထက်တန်း ကျောင်းသား စုစုပေါင်း ၁ ဒသမ ၂ သန်း ဝန်းကျင်ရှိကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.