Connect with us

MYANMAR

COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အိန္ဒိယပြန် တပ်မတော်သား အတည်ပြုလူနာများ ရောဂါပိုးကင်းစင်ကြောင်း ထုတ်ပြန်

၂၀၁၉ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သော ၇၄ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ချီတက်နေသည့် တပ်မတော်သားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော တပ်မတော်သား အတည်ပြုလူနာများ ရောဂါပိုးကင်းစင်သွားပြီ ဖြစ်ကြောင်း နှင့် တပ်မတော်အတွင်း COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ ကင်းစင်ပြီးဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ 

COVID-19 ရောဂါပိုးကင်းစင်သွားသည့် အရာရှိ၊ စစ်သည်များကို Hospital Quarantine ထပ်မံထားရှိခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ၃ ဦး၊ ဇူလိုင် ၂၄ ရက်တွင် ၂ ဦး၊ ဇူလိုင် ၂၉ ရက်တွင် ၆ ဦး၊ ဩဂုတ် ၄ ရက်တွင် ၂ ဦးနှင့် ဩဂုတ် ၇ ရက်တွင် ၃ ဦး၊ စုစုပေါင်း ၁၆ ဦး တို့ကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာများ၌ အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား တပ်မတော် အသည်းရောဂါ အထူးကု ဆေးရုံကြီး(မင်္ဂလာဒုံ)တွင် ဆေးမှူးပါရဂူများ၊ သူနာပြုများဖြင့် သီးခြားစောင့်ကြပ်ကြည့်ရှုကာ ဆေးဝါးကုသမှုများ ဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါကုသမှုလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း ရောဂါပိုးတွေ့ရှိရသော အတည်ပြုကာလရက်မှ ပြန်လည်စစ်ဆေးရမည့်ရက်များတွင် ၎င်းအရာရှိ၊ စစ်သည်များ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များကို ရယူ၍ Polymerase Chain Reaction(PCR) နည်းဖြင့် ထပ်မံဓာတ်ခွဲစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နှစ်ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုးမတွေ့ရှိရသဖြင့် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှတစ်ဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အသီးသီးတင်ပြခဲ့ပြီး COVID-19 ရောဂါပိုးကင်းစင်လာသူများအဖြစ် သတ်မှတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ 

အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိ၊ စစ်သည်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ်သီးခြား စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါစစ်သည်များအနက် အရာရှိ၊ စစ်သည် ၁၆ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်းနှင့် တပ်မတော်ကကြိုတင်စီစဉ်ထားသည့် တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ) ၌ ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းကို ဇွန်လနှင့် ဇူလိုင်လများတွင် တပ်မတော်က သတင်းများ အသီးသီး ထုတ်ပြန်ခဲ့သည်။ (Xinhua)