MYANMAR
COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိ၊ ပြည်ပခရီးသွားရာဇဝင်မရှိသော လူနာသစ် (၁) ဦးတွေ့၊အတည်ပြုလူနာ (၃၇၅) ဦး ထိရှိလာ

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၁၆ ရက်) ၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ၊၎င်းသည် COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်း မရှိသူ တစ်ဦးဖြစ်ကြောင်းသိရသည်။တစ်ဆက်တည်းမှာပင် ယနေ့အထိ မြန်မာနိုင်ငံတွင် COVID-19 စုစုပေါင်းအတည်ပြုလူနာ (၃၇၅) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့ည ပိုးတွေ့လူနာသည် ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း၊ စောင့်ကြည့်လူနာအဖြစ်ထားရှိသူဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ရခိုင်ပြည်နယ်၊ရသေ့တောင်မဲဆန္ဒနယ် ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ဒါက Local transmission လို့ယူဆရတယ်။ကူးစက်ခံရသူက ဘဏ်ဝန်ထမ်းတစ်ဦးလို့လည်းကြားပါတယ်။ Local transmission ဆိုရင် အားလုံး ကရုပြုဖို့လိုပါတယ်။ မပေါ့ဆဖို့တော့လိုပါတယ်။ ဒီကိစ္စက သတိပေးသလိုတော့ ဖြစ်သွားတယ်။ ပြည်သူတွေကို နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်’’ ဟုဆိုသည်။
၂၀၂၀ပြည့်နှစ် ဇူလိုင် ၁၆ ရက် တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးသည်လည်း COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိဘဲ ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ကူးစက်ခံခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ဇူလိုင်၁၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ည ထုတ်ပြန်ချက်၌ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၅) ဦး ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၂၉) ဦးရှိကြောင်း သိရသည်။ ၎င်းတို့အနက် (၃၂၁) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။ (Xinhua)