Connect with us

MYANMAR

COVID-19 ကူးစက်မှုဒုတိယလှိုင်းလာနိုင်သည်ဟူသောခံယူချက်ဖြင့် သတိနှင့် နေထိုင် သွားလာကြရန် ပြည်သူသို့ပန်ကြား

ရန်ကုန်ဘူတာကြီးတွင် Social Distancing ဖြင့် ရထားစောင့်နေသူတို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) 

ယခုအချိန်ကာလ၌ ပြည်သူများနှင့် COVID-19 ကို ကာကွယ်ထိန်းချုပ်နေသူများအားလုံးသည် COVID-19 ကူးစက်မှုဒုတိယလှိုင်း လာနိုင်သည်ဟူသောခံယူချက်ဖြင့် နေထိုင်သွားလာမှုမှစ၍ သတိနှင့် နေထိုင်ကြရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ သြဂုတ် ၁၅ ရက်တွင် ပြည်သူများသို့ ပန်ကြားခဲ့သည်။

ကူးစက်ကပ်ရောဂါထိန်းချုပ်မှုနိယာမများနှင့် COVID-19 ဗိုင်းရပ်စ်ပိုး၏ ပြောင်းလဲလျက်ရှိသော ကူးစက်မှုပုံသဏ္ဍာန်ကို နောက်ခံထား၍ စဉ်းစားပါက ဒုတိယလှိုင်းသည်ကြီးနိုင်ပြီး တိုင်းပြည်၏ဖွံ့ဖြိုး တိုးတက်မှုကို ရိုက်ခတ်နိုင်ကြောင်း ဒေါက်တာမြင့်ထွေးကပြောကြားသည်။

မိမိတို့မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှု ပထမလှိုင်းကျရောက်ခဲ့မှုတွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေးငယ်သောလှိုင်းသာဖြစ်ခဲ့သည်မှာ အားလုံးဝိုင်းဝန်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို သေချာစွာ စနစ်တကျလိုက်နာကြပါရန်နှင့် မပေါ့လျော့ကြပါရန် ထပ်မံပန်ကြားအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။ 

ကျန်မာရေး နှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် က “ ပြည်သူတွေ အနေနဲ့ COVID-19 ရောဂါကို ရင်ဆိုင်တဲ့ အခါ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် တွေ ကို သေချာလိုက်နာဖို့ ပူးပေါင်းပါဝင်ဖို့ ပြည်ထောင်စုဝန်ကြီးက  ပြည်သူ ကို ပန်ကြားတာဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ သြဂုတ် ၁၅ ရက်တွင်ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားလာခဲ့သော် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise) ကို ဩဂုတ်လ (၁၃) ရက်နေ့တွင် ဗဟိုအဆင့်၌ပြုလုပ်ခဲ့ကြောင်း၊ အလားတူ စားပွဲဝိုင်းလေ့ကျင့်ခန်းများကို တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ဆေးရုံများတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လတ်တလောရက်ပိုင်းအတွင်း COVID-19ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအား သြဂုတ် ၁၃ ရက် ၈ ဦးတွေ့ရှိခဲ့ပြီး ၁၄ ရက်တွင် ၅ ဦးတွေ့ရှိခဲ့ကာ၂ ရက် ဆက်တိုက်မြင့်တက်ခဲ့ပြီး သြဂုတ် ၁၅ ရက်တွင်COVID-19 ရောဂါထပ်မံကူးစက်ခံရသူမရှိသဖြင့် မြန်မာနိုင်ငံတွင် သြဂုတ် ၁၅ ရက်အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း (၃၇၄) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၂၄) ဦးရှိကြောင်း၊  ၎င်းတို့အနက် (၃၁၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းနှင့် အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)