Connect with us

MYANMAR

COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိ ၊ ပြည်ပခရီးသွားရာဇဝင်မရှိသော ဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦးထပ်မံတွေ့ရှိ ၊ အတည်ပြုလူနာ (၃၇၉) ဦး ထိရှိလာ

ရန်ကုန်မြို့တွင် နှာခေါင်းစည်းဖြင့် သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၁၆ ရက်) ၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦးထပ်မံတွေ့ရှိခဲ့ပြီး ၎င်းသည် COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိကြောင်း၊ ပြည်ပခရီးသွားရာဇဝင်မရှိကြောင်း၊ ယနေ့အထိ မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ (၃၇၉) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ Local Transmission ကူးစက်မှု သံသယ ရှိဖွယ်အခြေအနေပါ။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ အထူးဂရုပြုနေထိုင်ကြပါ။ မပေါ့ကြပါနဲ့။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေနဲ့ လိုအပ်တဲ့ ဆောင်ရွက်မှု တွေ ကို ကျပ်ကျပ်မတ်မတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းပိုးတွေ့လူနာ ၃ ဦးစလုံး သည် ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် နေထိုင်သူများဖြစ်ကြကြောင်း၊ စောင့်ကြည့်လူနာအဖြစ်ထားရှိသူတစ်ဦး နှင့် အသွားအလာကန့်သတ်ထားသူ ၂ ဦးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၅) ဦး ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၂၉) ဦးရှိကြောင်း သိရသည်။ ၎င်းတို့အနက် (၃၂၁) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊    အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  

သြဂုတ် ၁၆ ရက်တွင်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် နေထိုင်သူ စောင့်ကြည့်လူနာအဖြစ်ထားရှိသူ ပြည်ပ ခရီးသွားရာဇဝင်မရှိသူ၊ COVID-19 ရောဂါကူးစက်ခံထားရသူနှင့် ထိတွေ့မှုမရှိသူ တစ်ဦး COVID-19 ရောဂါကူးစက်ခံရကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။ 

ဤကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်များပြားလျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ နေထိုင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သြဂုတ် ၁၅ ရက်တွင် ပြည်သူသို့ ပန်ကြားခဲ့သည်။  (Xinhua)