Connect with us

MYANMAR

COVID-19 ရောဂါပိုး တွေ့ရှိသူ သွားရောက်ခဲ့သော ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ရွာတစ်ရွာကို Lock Down (သို့မဟုတ်) Community Quarantine စတင်ဆောင်ရွက်နေဟုဆို 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နှာခေါင်းစည်း တပ်ဆင်ထားသော ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ လူနာ တစ်ဦး သွားရောက်ခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ရွာတစ်ရွာကို Lock Down (သို့မဟုတ်) Community Quarantine စတင်ဆောင်ရွက်နေပြီး ၎င်းနှင့် ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဦးဇော်ဌေးထံမှ သိရသည်။

“ချင်းအမျိုးသား ဧည့်ခံပွဲ လုပ်ခဲ့တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က —–ရွာကြီးကို Lock Down (သို့မဟုတ်) Community Quarantine စတင်ဆောင်ရွက်နေပါပြီ။ သူနဲ့ ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင် လုပ်ဆောင်နေပါပြီ။ တီးတိန်က အလန့်တကြားနဲ့ စစ်ကိုင်းဘက် ဆင်းတာတွေလည်း ကန့်သတ်ထားပါပြီ။ ပြည်တော်ပြန်တွေ ကို Home Quarantine ၁၄ ရက် ထားပါမယ်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့အတူ ကလေး-တီးတိန် အဝင်အထွက်များ ကန့်သတ်မည် ဖြစ်ကြောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး အဝင် တံတားကြီး အဝင်များတွင် ကျန်းမာရေး စစ်ဆေးမည် ဖြစ်ပြီး ထူးခြားပါက Quarantine လုပ်မည် ဖြစ်ကြောင်း ၊  အဆိုပါ ချင်းအမျိုးသား ဓါတ်ပုံရိုက်သွားသည့် ဓါတ်ပုံဆိုင် အပါအဝင် သွားခဲ့သည့် နေရာများက မိသားစုဝင်များကို Home Quarantine လုပ်နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ထိန်းချုပ်ရေးအဆင့်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ထွေအုပ်နဲ့ ကျန်းမာရေးကလည်း ထိတွေ့သူတွေကို ရှာဖွေပြီး ထိန်းချုပ်နိုင်သမျှ ထိန်းချုပ်နေပါတယ်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရေးသားထားသည်။မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ  စစ်ဆေးချက်များအရ ပထမဆုံး အကြိမ် ရောဂါပိုး ရှိသူ လူနာ နှစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းလူနာ နှစ်ဦးမှာ အမေရိကန်နိုင်ငံမှ ဝင်ရောက်လာခဲ့သူ အသက် ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦး နှင့် အင်္ဂလန်နိုင်ငံမှ ဝင်ရောက်လာခဲ့သူ အသက် ၂၆ နှစ် အရွယ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ မတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် အမေရိကန်နိုင်ငံမှ မတ် ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ဝင်ရောက်လာခဲ့ပြီး မတ် ၁၉ ရက်တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် မတ် ၂၁ ရက်တွင် တီးတိန်မြို့နယ် ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ဘဲ  လူနာထံမှ ဓာတ်ခွဲနမူနာအား မတ် ၂၂ ရက်တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ မတ် ၂၃ ရက်တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.