Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ရှိသူ လူနာ နှစ်ဦး စတင် တွေ့ရှိ 

COVID-19 ရောဂါအတွက် ဓာတ်ခွဲ စစ်ဆေးမှု အခြေအနေပြ ဇယားအား တွေ့ရစဉ်(ဓာတ်ပုံ-MOHS)

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ  စစ်ဆေးချက်များအရ ပထမဆုံး အကြိမ် ရောဂါပိုး ရှိသူ လူနာ နှစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။ 

အဆိုပါ လူနာ နှစ်ဦးမှာ အမေရိကန်နိုင်ငံမှ ဝင်ရောက်လာခဲ့သူ အသက် ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦးနှင့် အင်္ဂလန်နိုင်ငံမှ ဝင်ရောက်လာခဲ့သူ အသက် ၂၆ နှစ် အရွယ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ ယခုအခါ ယင်းလူနာ နှစ်ဦးအား ချင်းပြည်နယ် ၊ တီးတိန်ပြည်သူ့ဆေးရုံ နှင့် ရန်ကုန်တိုင်းဒေသကြီး ၊ ဝေဘာဂီအထူးကုဆေးရုံတို့၌ သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိကြောင်း သိရသည်။ 

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် အမေရိကန်နိုင်ငံမှ မတ် ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့ပြီး မတ် ၁၉ ရက်တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် မတ် ၂၁ ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ကြောင်း ၊ အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ကြောင်း ၊ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား မတ် ၂၂ ရက်တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ မတ် ၂၃ ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း နှင့် မတ် ၂၃ ရက် ည (၁၁) နာရီအချိန် စမ်းသပ်စစ်ဆေးချက်အရ အဆိုပါအမျိုးသားလူနာ၏ ကျန်းမာရေးအခြေအနေမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိဘဲ သက်သာလျက်ရှိကြောင်း သိရသည်။ 

အင်္ဂလန်နိုင်ငံမှ မတ် ၂၂ ရက်တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့သည့် အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မတ် ၂၂ ရက်တွင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ကာ မတ် ၂၂ ရက် ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ကြောင်း ၊ အဆိုပါအမျိုးသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှ ယနေ့ညအထိ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိသော်လည်း ဓာတ်ခွဲနမူနာအား မတ် ၂၃ ရက်နေ့တွင် ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။ 

အဆိုပါ အမျိုးသား (၂) ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် အဆိုပါအမျိုးသား (၂) ဦး၏ ဓာတ်ခွဲနမူနာများအား  စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) (၄) မျိုးဖြင့် ပိုမိုသေချာစေရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသား (၂) ဦးထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ မတ် ၂၄ ရက်တွင် ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.