Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးမှုများ မန္တလေးမြို့၌ RT- PCR စက်ဖြင့် မေ ၂၉ ရက်မှစတင် စစ်ဆေးပေးမည်

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနအား ယနေ့ နံနက်က တွေ့ရစဉ် (ဆင်ဟွာ)

မန္တလေး၊ မေ ၂၇ ရက် (ဆင်ဟွာ)

COVID-19 ရောဂါပိုး ဓာတ်ခွဲ စစ်ဆေးမှုများကို မန္တလေးမြို့၌ မေ ၂၉ ရက်မှစတင် လက်ခံကာ  RT-PCR (Reverse Transcription Chain Reaction)စက်နှစ်လုံးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ဓာတ်ခွဲ နမူနာ ၂၇၀ ခု ကို စစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေး ဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန တာဝန်ခံ၊ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာ မေဝင့်ဝါက ဆင်ဟွာ သတင်းဌာနသို့ ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။

“စပြီး စမ်းသပ်မယ့် ရက်ကို မေလ ၂၉ ရက်လို့ လျာထားပါတယ်၊ အဲဒီရက်မှာ COVID-19 ဓာတ်ခွဲ နမူနာတွေကို စပြီး လက်ခံ စစ်ဆေးပေးနိုင်အောင် စီစဉ်ထားပါတယ်၊ လက်ရှိ လူအင်အားနဲ့ တစ်နေ့ကို နမူနာ ၂၇၀ စစ်ပေးနိုင်အောင်လည်း စီစဉ်ထားပါတယ်၊ လက်ခံပြီးရင်တော့ ဆက် တိုက် စစ်ပေးသွားရမှာပါ” ဟု သူမက ပြောကြားခဲ့သည်။

အဆိုပါ RT-PCR စက်များကို မန္တလေးမြို့၌ လာရောက် တပ်ဆင်ပြီး စက်များ အသုံးပြုခြင်း၊ ဓာတ်ခွဲနမူနာများ စစ်ဆေး အတည်ပြုခြင်းများအား သင်ကြားပြသပေးသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ ကျန်းမာရေးပညာရှင်အဖွဲ့ ပြန်သွားပြီးသည်နှင့် တစ်ပြိုင်နက် ဓာတ်ခွဲ နမူနာများအား စတင် လက်ခံ စစ်ဆေးပေးတော့မည် ဖြစ်ကြောင်းလည်း ဓာတ်ခွဲမှုဆိုင်ရာ ဌာန တာဝန်ခံက ပြောခဲ့သည်။

မေလ ၂၃ ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့သည့် အဆိုပါ ယူနန်ပြည်နယ်မှ ကျန်းမာရေးပညာရှင် အဖွဲ့သည် မေ ၂၄ ရက်တွင် RT-PCR စက်များ တပ်ဆင်ပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန မှ ကျန်းမာရေးဝန်ထမ်း ၁၁ ဦး၊ မော်လမြိုင်မြို့မှ လေးဦး၊ တောင်ကြီးမြို့မှ လေးဦးနှင့် လားရှိုးမြို့မှ သုံးဦး၊ စုစုပေါင်း သင်တန်းသား ၂၂ ဦးအား မေလ ၂၄ ရက်မှ ၂၇ ရက်အထိ လေးရက်တာ သင်ကြားပေးခဲ့ကြောင်း နှင့်  ၎င်းတို့သည် မေ ၂၈ ရက် တွင် ယူနန်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန ဦးစီးအရာရှိ(ဓာတ်ခွဲ) ဦးသန့်ဇင်ဦးက ဆင်ဟွာသို့ ရှင်းပြ ခဲ့သည်။

၎င်းက “သင်တန်းမှာတော့ ဓာတ်ခွဲ နမူနာ အစစ်တွေ မသုံးပါဘူး၊ ရောဂါပိုးကို စမ်းသပ်လို့ ရပေမယ့် သူများကို မကူးနိုင်အောင် ပြောင်းလဲထားတဲ့ အသက်မဝင်တော့တဲ့ inactivated sample တွေနဲ့ သင်ကြားပေးတာပါ၊ သင်တန်းတွေ ပြီးသွားတဲ့အခါမှာ ရောဂါပိုး စစ်ဆေးပေးမယ့် အလုပ်တွေကို စနိုင်ပါပြီ၊ ဒါပေမယ့် ဘယ်နေ့မှာ ဘယ်မြို့က sample ကို စစစ်မယ် ဆိုတာ ကတော့ ဝန်ကြီး ဌာနရဲ့ လမ်းညွှန်မှု အတိုင်း ဆောင်ရွက်သွားရမှာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.