Connect with us

MYANMAR

COVID-19 ကြောင့် ပြည်တွင်းအလုပ်အကိုင် ရရှိမှု ဧပြီလအတွင်း လျော့ကျခဲ့

ရန်ကုန်မြို့ရှိ အထည်ချုပ် စက်ရုံ တစ်ရုံတွင် အလုပ်သမားများ လက်ဆေးကြောသန့်စင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ အခြေအနေကြောင့် ပြည်တွင်း အလုပ်အကိုင်ရရှိမှုသည် ပြီးခဲ့သော ဧပြီလတွင် ပြည်တွင်း အလုပ်နေရာ ၉,၃၀၀ ကျော်သာ ခန့်ထားနိုင်ခဲ့ရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုများ အရ သိရသည်။

အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က “အဓိကတော့ COVID-19 ကြောင့်ပဲပေါ့။ အမှန်ကတော့ ဒီကာလမှာ စက်ရုံ ၊ အလုပ်ရုံတွေ လာပြီး ပိုရင်းနှီးမြှုပ်နှံပြီးဆောင်ရွက်ပေးနိုင်မယ့် အခြေအနေမှာ ဒီရောဂါကြောင့် အလုပ်အကိုင်တွေ အကုန်လုံးက ကုန်ကြမ်းတွေကလဲ မပို့နိုင်ဘဲ ပြတ်ကုန်တယ်။ချုပ်ပြီးသား ကုန်ချောတွေကလဲ ပြန်မတင်ပို့နိုင် ၊ ဒီကြားထဲမှာ လုပ်ငန်းသစ် အမှာစာအသစ်တွေကလည်း မရ ဆိုတော့ တစ်ချို့ စက်ရုံတွေက အဓိကတော့ သိပ်ခိုင်ခိုင်မာမာ မရှိတဲ့ လုပ်ငန်းတွေ ဥပမာ Sub Contract လိုဟာမျိုးတွေ အစောကြီး ပြိုလဲကုန်တာပေါ့။ ဒါတွေက အလုပ်လက်မဲ့တွေ ပေါ်လာတာပဲ။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် အလုပ်ရရှိမှု အခြေအနေသည် ဧပြီလတွင် အစိုးရ နှင့် ပုဂ္ဂလိက စုစုပေါင်း ပြည်တွင်းအလုပ်နေရာ ၉,၃၀၀ ကျော်အား ခန့်ထားနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပထမ သုံးလ နှင့် နှိုင်းယှဉ်ပါက များစွာ လျော့ကျသွားခဲ့ကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၂၄,၀၀၀ ကျော် ၊ ဖေဖော်ဝါရီလတွင် ၂၆,၀၀၀ ကျော် နှင့် မတ်လတွင် ၂၄,၀၀၀ ကျော်ကို ပြည်တွင်း အလုပ်နေရာ ခန့်ထားပေးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများ အရ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ခန့်ထားနိုင်ခဲ့သော ပြည်တွင်း အလုပ်နေရာ ၉,၃၀၀ ကျော်သည်  ယခင်နှစ် အလားတူကာလတွင် ပြည်တွင်း အလုပ်နေရာ ၂၄,၀၀၀ ကျော် ခန့်ထားနိုင်ခဲ့မှုဖြင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းသွားခြင်းဖြစ်သည်။ 

အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွား စေရေးအတွက်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့်    ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း အလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် အွန်လိုင်းမှဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.