MYANMAR
သမ္မတ အိမ်တော် သတင်းထောက်များထဲမှ တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိဟု အတည်ပြု ပြောကြား
![သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးအား သမ္မတအိမ်တော် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် တွေ့ရစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2020/09/images_mm_2020_09_12d1.jpg)
နေပြည်တော်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
နေပြည်တော် သမ္မတအိမ်တော်၌ သတင်းယူခွင့် ရှိသည့် နေပြည်တော် အခြေစိုက် အိမ်တော် သတင်းထောက်များ အနက် တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ စာမျက်နှာ၌ ယနေ့ အတည်ပြု ပြောကြားခဲ့သည်။
“စိတ်မကောင်းစရာ သတင်းပါ၊ အခု (ဒီမနက်) လာခေါ်တဲ့ တစ်ဦးက လွဲရင် ကျန်သတင်းထောက်များ အားလုံး Negative ဖြစ်ပါတယ်၊ သို့သော် သတ်မှတ် စည်းကမ်းအတိုင်း Stay Home ၁၄ ရက် နေပါ၊ ဆေး ထပ်စစ်ရမယ်ဆိုရင် အချိန်မီ ထပ်မံအသိပေးပါမယ်” ဟု ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၉ ရက်နေ့တွင် သမ္မတရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး၌ ပိုးတွေ့ရှိကြောင်း အတည်ပြုအပြီး အဆိုပါ ပိုး တွေ့ရှိသူနှင့် ဆက်နွယ်မှု ရှိသည့် နေပြည်တော် အခြေစိုက် အိမ်တော် သတင်းထောက် သုံးဆယ် ကျော်တို့အား စက်တင်ဘာ ၁၀ ရက်နေ့တွင် Swab Test များ ရယူကာ စစ်ဆေးခဲ့ရာ ယနေ့ နံနက်ပိုင်း၌ ပိုးတွေ့ရှိသူ သတင်းထောက် တစ်ဦးအား ကျန်းမာရေးဌာနက လာရောက် ခေါ်ယူခဲ့သည်ကို ဦးဇော်ဌေးက ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“စတင်တွေ့ရှိသူ သမ္မတရုံး လက်/ညွှန်ရဲ့ ဇနီးက Positive တွေ့ရပါတယ်၊ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်၊ သမ္မတအိမ်တော် ဝန်ထမ်းများနဲ့ ဆက်စပ်ဝန်ထမ်းများ ၅၃ ဦး Negative ပါ၊ အားလုံး Home Quarantine ၁၄ ရက် ပြည့်အောင် နေရမှာပါ၊ အခုအချိန်မှာ ကျန်းမာရေး စည်းကမ်းတွေ လိုက်နာဖို့ ဆော်ဩပေး ကြပါ” ဟုလည်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)