Connect with us

MYANMAR

အသက် ၃၂ အရွယ် ရောဂါအခံရှိသူ  COVID-19 လူနာအမှတ် ၂၁၆၅ ကွယ်လွန် 

နှာခေါင်းစည်းဖြင့် သွားလာနေသူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) 

အသက် ၃၂ အရွယ်ရှိ COVID-19 ရောဂါခံစားနေရသူ လူနာအမှတ် ၂၁၆၅ သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်းနှင့် အရေပြားလေးဘက်နာရောဂါ အခံကြောင့် ကျောက်ကပ် ပျက်စီးခြင်းတို့ကြောင့် စက်တင်ဘာ ၁၁ ရက် ညနေ (၄:၁၅) အချိန်တွင် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က စက်တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

“ဒီတစ်ယောက်က အရမ်းငယ်သေးတယ်။ ရောဂါအခံရှိသူတွေ ကူးစက်မှုများရင် သေဆုံးမှုကများမယ်။ အခုသေဆုံးသူဆိုရင် တော်တော်ကြီးကို ငယ်သေးတယ်။ ဘယ်သူဘဲကူးစက်ကူးစက် ရောဂါအခံ မရှိပေမယ့်လည်း ရုတ်တရက်ရောဂါလမ်းကြောင်းပြောင်းလဲပြီး သေဆုံးတာလဲ ဖြစ်နိုင်တယ်။ 

ဒီရောဂါက ရုတ်တရက်များများ နဲ့ မြန်မြန်ကူးလိုက်တော့ ငယ်တဲ့ သူတွေ လည်း တော်တော်ကူးစက်ခံရတဲ့ အထဲမှာပါသွားတယ်။ ပါတဲ့အခါကြတော့ လက္ခဏာမပြတဲ့ သူတွေပေါ်လာတယ်။ အဲဒီမှာ ပေါ့ပေါ့ပါးပါးလို့ယူဆကြတယ်။ ဒီဗိုင်းရပ်စ်က ပျော့သွားတယ် ဆိုတဲ့ လက္ခဏာ ဘယ်နေရာမှာမှ မတွေ့ရဘူး။ ကူးစက်နှုန်းပိုမြန်တာပဲတွေ့ရတယ်။ ခြုံပြီး ကြည့်လိုက်ရင်တော့ ဒီရောဂါက မဖြစ်တာ၊ ကာကွယ်တာ အကောင်းဆုံးပဲပေါ့။ ဖြစ်ပြီဆိုရင် တော့ ကိုယ့်ဘာသာ ဘယ်ဘက်ပါမလဲဆိုတာ ရောဂါအခံရှိသူဆိုရင် ဆိုးတဲ့ ဘက်ကိုများများပါနိုင်တယ်။ကိုယ့်ဘာသာ လူငယ်ဆိုပြီး လျှော့တွက် လို့ မရဘူး။ မဖြစ်ခင်ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ’’ ဟု ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး ကဆင်ဟွာသို့ ပြောသည်။

ယခုကာလအတွင်းအတွင် ရောဂါကူးစက်ခံရသူများ နေ့စဉ် တိုးလာလျက်ရှိကြောင်း၊ ယနေ့အထိ COVID-19 အတည်ပြုလူနာပေါင်း ၂၄၄၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။  ယနေ့ အထိ မြန်မာနိုင်ငံ တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။  

“ကူးစက်မှု များလာရင် ကူးစက်မှုအရှိန်ပေါ်မူတည်ပြီး သေနှုန်းကလည်း တက်လာတယ်။ လူငယ်တွေပေါ်မှာ ထပ်ပြီး ပိုဆိုးဆိုးဝါးဝါး မတွေ့ရအောင် ဆုတောင်းရမှာပဲ။ ဒီအချိန်မှာ သတိထားရမယ်။ ကြောက်လာတဲ့ အားကို ကာကွယ်တဲ့ ဘက်မှာ သတိအဖြစ်ပြောင်းလဲ ပြီး သတိဝီရိယ နဲ့ အကူးမခံရအောင်နေဖို့ အရေးကြီးပါတယ်။ဒါကြောင့် မိမိအိမ်မှာနေပေးကြပါလို့ မေတ္တာရပ်ခံပြောကြားချင်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယနေ့ စက်တင်ဘာ ၁၂ ရက် တွင် နံနက် ၈ နာရီ တွင်   COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃) ဦးတွေ့ရှိခဲ့ကြောင်း၊ လက်ရှိ တွင် ရောဂါကူးစက်မှု အများဆုံးဖြစ်နေသော ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၂၈ မြို့နယ်တွင် Stay at Home အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)