Connect with us

MYANMAR

COVID-19 ကူးစက်မှု ထိန်းသိမ်းကာကွယ်နိုင်သော ပုံစံမျိုးဖြင့် လုပ်ငန်းများပြန်လည် စတင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ -၂၀၂၀ အထိမ်းအမှတ်အဖြစ် Tourism and Rural Development ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲတွင် Video Message ပြောကြားစဉ် (ဓာတ်ပုံ--ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါ ပြီးဆုံးမည့်အချိန်အား အတိအကျမပြောနိုင်သောကြောင့်  ပြည်သူများ ၏ လူမှုစီးပွားရေးဘဝ ဆက်လက် ရှင်သန်နိုင်ရေးအတွက် COVID-19 ကပ်ရောဂါ ကူးစက်မှုအား ထိန်းသိမ်းကာကွယ်နိုင်သော ပုံစံမျိုးဖြင့်လုပ်ငန်းများ ပြန်လည်စတင်ရန် လိုအပ်ကြောင်း၊  ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ ၏ ခန့်မှန်းချက်အရ နိုင်ငံတကာ ခရီးသွားများသည်  ၂၀၂၁ မှ ပြန်လည်ဝင်ရောက်လာနိုင်သည်ဟု  ခန့်မှန်းထားသောကြောင့် လက်ရှိအချိန်တွင်  ပြည်တွင်းခရီးသွားများနှင့် လုပ်ငန်းစတင်ရန်  ပြင်ဆင်ရမည်ဖြစ်ကြောင်း ယနေ့ကျင်းပသောကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ -၂၀၂၀ အထိမ်းအမှတ်အဖြစ် Tourism and Rural Development ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲသို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် အမှာစကား Video Message တွင်ပြောကြားခဲ့သည်။

“ဒီလို ပြန်လည် စတင်ရာမှာ COVID-19 ကပ်ရောဂါ ကူးစက်မှု နောက်တစ်ကြိမ်ခေါင်းထောင်မလာဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု တွေကို တိတိကျကျ လိုက်နာဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီလမ်းညွှန်မှုတွေနဲ့အညီ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ဝန်ထမ်းတွေက ဝန်ဆောင်မှု ပေးနိုင်ဖို့၊ ခရီးသွားတွေက ဒီလမ်းညွှန်မှုတွေကို လိုက်နာဖို့ ကြိုတင်ပြင်ဆင်မှုတွေ၊ သင်ကြားလေ့ကျင့်မှုတွေ မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

COVID အလွန်ကာလတွင် ခရီးသွားများ ၏ အကြိုက်၊ ရွေးချယ်မှုနှင့် အမူအကျင့်များ  ပြောင်းလဲ သွားနိုင်ကြောင်း၊ သမားရိုးကျ လူများစု သွားလာလေ့ရှိသော လူထူထပ်သည့်  ခရီးစဉ်ဒေသများအစား သဘာ၀ ပတ်ဝန်းကျင်နှင့် နီးစပ်သော  ပိုမို လွတ်လပ်ပွင့်လင်းသည့်  ခရီးစဉ်ဒေသသစ်များအား ပိုမိုဘေးကင်း လုံခြုံသော ရွေးချယ်စရာများအဖြစ် ယူဆလာနိုင်ကြောင်း  ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများမှ မှန်းဆထားကြောင်းဆိုသည်။

“ကျမတို့နိုင်ငံအနှံအပြားမှာရှိတဲ့ အဲဒီလိုနေရာတွေ ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်ဒေသသစ်တွေ အဖြစ် ပေါ်ထွက်လာဖို့ နိုင်ငံတော်က ညွန်ကြားချက်တွေ ထုတ်နေရုံနဲ့ မလုံလောက်ဘဲ ဒေသန္တရ အာဏာပိုင်တွေ လုပ်ငန်းရှင်တွေ  ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး ထိန်းသိမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

 COVID-19 ထိန်းသိမ်း ကာကွယ်ရေး လမ်းညွန်ချက် များအားလိုက်နာပြီး လုပ်ငန်းလုပ်ဆောင်နေကြသော  ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကိုလည်း  ခရီးသွားများအလွယ်တကူ သိရှိ ရွေးချယ်နိုင်စေရန်  COVID-19 Safe Service တွေ အဖြစ် အသိအမှတ်ပြုပေး ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ နှင့် ပြည်တွင်းခရီးသွားများအား ဘေးကင်းလုံခြုံအောင် ဝန်ဆောင်မှု ပေးနိုင်မှသာ COVID-19 အလွန် နိုင်ငံတကာ ခရီးသွားလုပ်ငန်း များ ပြန်ဖွင့်သောအချိန်တွင်  သူ့ထက်ငါ ဧည့်သည်လာအောင်  အပြိုင်အဆိုင် ဆွဲဆောင်ကြမည့် နိုင်ငံများ နှင့် ယှဉ်ပြိုင်ရန် အသင့်ဖြစ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.