MYANMAR
COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၃၀၆ ဦး တွေ့ရှိ ၊ သေဆုံးလူနာ ၃၁ ဦး ထပ်တိုး

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)
လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၃၀၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၃၁ ဦး ထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအရ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅,၃၂၉ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၁,၃၀၆ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း နှင့် Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများ နှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် လတ်တလော အနံ့မရရှိသူများလည်း ပါဝင်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
ထို့အတူ သေဆုံးလူနာ ၃၁ ဦးအနက် ရောဂါအခံရှိသူ ၂၈ ဦး ပါဝင်ကြောင်းလည်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့်ရရှိသူ ၅၇၉ ဦး ရှိပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ် ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ ၁,၃၈၈ ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှု သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ၌ ဓာတ်ခွဲနမူနာပေါင်း ၅၃၈,၀၈၆ ခုအား စစ်ဆေးခဲ့ပြီးနောက် ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃၈,၅၀၂ ဦး တွေ့ရှိခဲ့ကြောင်း နှင့် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၁၈,၁၄၇ ဦး ၊ သေဆုံးသူပေါင်း ၉၄၅ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)