Connect with us

MYANMAR

ဖားကန့်မြို့နယ် နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံ တွေ့ရှိရမှု ၊ ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြို့နယ် ၂ မြို့နယ်ရှိ နေအိမ်တွင် နေထိုင်ရေး( Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များတွင် ယင်းမြို့နယ်(၂)ခုမှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များ သွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်လည်း ထည့်သွင်း ကြေညာခဲ့သည်။

ယင်းအမိန့်သည် အောက်တိုဘာ ၂၀ ရက် နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်ပြီး အမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံ၌ ယခုအထိ ဓာတ်ခွဲနမူနာပေါင်း ၅၂၉,၂၁၃ ခုအား စစ်ဆေးခဲ့ပြီးနောက် ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃၇,၂၀၅ ဦး တွေ့ရှိခဲ့ကြောင်းနှင့် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၁၇,၅၆၈ ဦး ၊ သေဆုံးသူပေါင်း ၉၁၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)