MYANMAR
၂၄ နာရီအတွင်း COVID-19 လူနာသစ် ၁,၄၇၆ ဦး ထပ်တိုး ၊ သေဆုံးလူနာ ၃၁ ဦးရှိ

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်
၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၄၇၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၁,၁၈၇ ဦး နှင့် သေဆုံးသူ ၃၁ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။
နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈,၉၅၉ ခုအား စစ်ဆေးပြီးစီးခဲ့နောက် လူနာသစ် ၁,၄၇၆ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ထို့ပြင် Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း နှင့် အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း သိရသည်။
ယနေ့ သေဆုံးသူ ၃၁ ဦးမှာ ပြည်သူ့ဆေးရုံများ ၊ COVID-19 ရောဂါကုသရေးဌာနများ နှင့် တပ်မတော်ဆေးရုံများမှ ဖြစ်ပြီး ၎င်းတို့အနက် ရောဂါအခံရှိသူ ၂၆ ဦး ပါဝင်ကြောင်း သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူ ၁,၁၈၇ ဦးအနက် ပြည်သူ့ဆေးရုံများမှ ၅၁၇ ဦး ၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ ၆၇၀ ဦး ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၁၈၂,၇၃၅ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၉၂,၁၈၉ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၇၁,၃၄၃ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၉၇၂ ဦး အသီးသီးရှိလာခဲ့ကြောင်း သိရသည်။တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ “နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ် (Stay at home)” တွင် အကြုံးဝင်သော မြို့နယ်များ နှင့် ရောဂါဖြစ်ပွားမှုများသောမြို့နယ်များတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများသည် လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ “COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး မျက်နှာနှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)” ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)