Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 လူနာပေါင်း ၉၃,၆၀၀ နှင့် သေဆုံးလူနာ ၁,၉၉၈ ဦး ရှိလာ

ပုံစာ- ရန်ကုန်မြို့အတွင်း COVID-19ရောဂါ ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၄၁၁ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံတွင် COVID-19 အတည်ပြု လူနာ စုစုပေါင်း ၉၃,၆၀၀ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၉,၆၈၀ ခုအား စစ်ဆေးခဲ့ပြီး COVID-19 လူနာသစ် ၁,၄၁၁ဦး စစ်ဆေးတွေ့ရှိခဲ့ကာ ဆေးရုံဆင်းခွင့် ရရှိသူ ၁,၂၅၈ဦး နှင့် သေဆုံးလူနာ ၂၆ဦး အသီးသီး ရှိကြောင်း သိရသည်။ယခုအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၂၀၂,၄၁၅ခုစစ်ဆေးခဲ့ပြီးနောက် COVID-19 အတည်ပြု လူနာပေါင်း ၉၃,၆၀၀ ဦးရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၇၂,၆၀၁ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၉၈၈ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်၌ အထူးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။

ယခုအခါတွင် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင်ဘာ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ထားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်များကို ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။

ထို့အတူ COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ပြည်သူ့သို့ ပန်ကြားချက်၊အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန်လိုအပ်သည့် ကိစ္စရပ်များမပါ)အား ဒီဇင်ဘာ ၁၅ ရက်အထိ ရက်တိုးမြှင့်ဆောင်ရွက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)