Connect with us

MYANMAR

အထူးကြပ်မတ်ကုသဆောင်များတွင် ကုသမှုခံယူနေရသည့် COVID-19လူနာဦးရေ ယခင်ထက် သုံးပုံတစ်ပုံထပ်တိုးလာ

ရန်ကုန်မြို့တွင် နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံ၌အထူးကြပ်မတ်ကုသဆောင် ICU များတွင် COVID-19 ကြောင့် ကုသမှုခံယူနေရသည့် လူနာဦးရေ သည် ဒီဇင်ဘာ ၁ရက်တွင် ၁၄၄ ဦးရှိကြောင်း၊ ယခင်က ၁၀၀ ဝန်းကျင်သာ ရှိသောကြောင့် သုံးပုံတစ်ပုံခန့် ထပ်တိုးလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ဒီဇင်ဘာ ၁ ရက်တွင်ပြောသည်။

“COVID-19ရောဂါဖြစ်တဲ့သူ ၄ ယောက်မှာ ၁ ယောက်က ကုသမှုခံယူနေတုန်း၊ ICU ထဲမှာ ကုသမှုခံယူနေရတာ က ၁၄၄ ယောက်နဲ့ ၁၅၀ယောက် ကြားဝန်းကျင်ရှိနေတာက တစ်ပတ်လောက်ရှိပါပြီ။ အရင်က ၁၀၀ဝန်းကျင်ရှိတော့ သုံးပုံတစ်ပုံ တက်လာတယ်။ ဒါကြောင့် မပေ့ါဆသင့်ပါဘူး။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါဖြစ်ပွားမှု ၉၀,၇၁၃ ယောက်ရှိပြီး၊ ပြန်ကောင်းသွားသူ ၇၀,၁၅၆ ဦးရှိသောကြောင့် ၇၇ ရာခိုင်နှုန်းပြန်လည်ကောင်မွန်ပြီး၊ ၂၃ ရာခိုင်နှုန်းမှာ ဆေးရုံတွင်ကုသမှုခံယူနေရဆဲဖြစ်ကြောင်း ၂.၁၄ ရာခိုင်နှုန်းမှာ သေဆုံးခဲ့ကြောင်း၊ICU ထဲတွင် ကုသမှုခံယူနေရသူ ၁၄၄ဦးရှိကြောင်း သိရသည်။

အသက်၆၁ နှစ်မှ ၇၅နှစ်အတွင်း သေဆုံးမှု ပိုများကြောင်း၊ အသက် ၇၅ နှစ်နှင့် အထက် အပိုင်းအခြားတွင် COVID-19 ရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်ကြောင်း ၊ အသက် ၇၅ နှစ်နှင့် အထက် COVID-19 ရောဂါကူးစက်ခံရသူ ၅ ဦးတွင် ၁ ဦးသေဆုံးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“သေဆုံးပြီးမှ ဆေးရုံရောက်တာက ၁၃ ရာခိုင်နှုန်းရှိပါတယ်။ရောက်ပြီး ၂၄ နာရီအတွင်းသေဆုံးတာက ၂၅ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် ၃၈ ရာခိုင်နှုန်းက နောက်ကျမှဆေးရုံရောက်တာပါ။ ဖြစ်ပွားနှုန်းများလေလေ သေဆုံးနှုန်းများလေပါပဲ။’’ ဟု ဒေါက်တာခင်ခင်ကြီးက ဆက်ပြောသည်။

အပူချိန် ၂၅ ဒသမ ၆ စင်တီဂရိတ်အောက်၊ စိုထိုင်းစ ၄၀ အောက်တွင် ဗိုင်းရပ်စ် ပိုမိုကြာရှည်စွာ အသက်ရှည်နေနိုင်ကြောင်း၊လက်ရှိအချိန်သည် ဆောင်းရာသီဖြစ်သောကြောင့် ရောဂါပိုးပိုမိုရှင်သန်နိုင်ကြောင်း သိရသည်။

“ဒီရောဂါကြောင့်သေဆုံးမှုကိုမပေ့ါစေချင်ပါဘူး။ ဥပမာအနေနဲ့ပြောရရင် ရေထဲကငါး ကုန်းပေါ်တင်တဲ့အခါမှာ အောက်ဆီဂျင်မရဘဲ ပင်ပင်ပန်းပန်းအသက်ရှူပြီး ငါးလေးသေသွားသလိုပဲ လူတွေလည်း အဲလိုပဲ အောက်ဆီဂျင် ကို အဆုတ်က လက်မခံနိုင်တဲ့အခါ သူ့နှလုံး၊ ကျောက်ကပ်၊ အဆုတ် စတဲ့နေရာတွေကို အောက်ဆီဂျင်မပို့နိုင်တော့တဲ့အခါ အောက်ဆီဂျင်ပြတ်ပြီးသေတတ်တယ်။ ဒါကြောင့် ကြောက်ဖို့ လိုအပ်ပါတယ်”’ ဟု၎င်းကဆက်ပြောသည်။လူ၁၀၀ ကူးစက်မှုတွင် ၂ဒသမ ၁ယောက် နှုန်း သေဆုံးလျက်ရှိနေရာ အစုလိုက်ကူးစက်ခံရပါက သေဆုံးမှုနှုန်းများတိုးလာနိုင်သောကြောင့် လုံးဝမပေ့ါဆသင့်ကြောင်း၄င်းက ဆိုသည်။ (Xinhua)