Connect with us

MYANMAR

COVID-19 ကာလ ပထမဆုံးခြေလှမ်းအဖြစ် မြန်မာနိုင်ငံ၌ အပျော်စီးလေယာဉ်ခရီးစဉ် ဒီဇင်ဘာ ၂၀ ရက်တွင် ပျံသန်းမည်

ရန်ကုန်လေဆိပ်တွင်ဆိုက်ကပ်ထားသော လေယာဉ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ကာလတွင် ခရီးသွားလုပ်ငန်းများ ရပ်နားထားခဲ့ရသောကြောင့် COVID-19 ကာလ ပထမဆုံးခြေလှမ်းအဖြစ် မြန်မာနိုင်ငံ၌ အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flights Tour) ကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။

“COVID-19 ကြောင့် ခရီးသွားလုပ်ငန်းတွေက ရပ်ဆိုင်းသွားတယ်။ ပြည်တွင်းခရီးသွားတွေကို ပြန်စနိုင်ဖို့ အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ လေကြောင်း ပျံသန်းမှုနဲ့စတာပါ။ ဒီခရီးစဉ်ကို စမ်းသပ်ပြီး လေယာဉ်ခရီးစဉ် ကို စီစဉ်ဖြစ်တာပါ။ လေကြောင်းခရီးစဉ်မှာ ခရီးသည်တွေ လုံခြုံစိတ်ချစွာနဲ့ သွားနိုင်မယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ကောင်းကင်ပေါ်က Sightseeing ကြည့်ဖို့လေယာဉ်စီးတာမရှိဘူး။ လေယာဉ်ဆိုတာ ခရီးသွားဖို့ပဲစီးကြတယ်။ အခုတော့ အမြင့်ပေနိမ့်တဲ့နေရာကနေ ပျံသန်းပြီး ရှုခင်းတွေကို ကြည့်နိုင်မယ်ပေ့ါ။ ဒီလိုခရီးစဉ်မျိုးကိုလည်း ပထမဆုံးဆောင်ရွက်ချင်လို့စီစဉ်ဖြစ်တာပါ’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါ အပျော်စီးလေယာဉ်ခရီးစဉ်ကို ရန်ကုန် – ကျိုက်ထီးရိုး -ဘားအံ – ရန်ကုန်သို့ Myanmar National Airlines ရှိ ATR – 72 မှ ကြည့်ရှုရန်ကောင်းမွန်မည့် အနိမ့်ပျံသန်းမှုဖြင့် ကျိုက်ထီးရိုးဘုရားကိုဖူးမြော်ပြီး ဘားအံမြို့၏ ပတ်ဝန်းကျင်ရှုခင်း အလှတရားများကိုလည်း ဝေဟင်မှကြည့်ရှု နိုင်ရန် ပျံသန်းမည်ဖြစ်ကြောင်း၊ လေယာဉ်ပျံသန်းချိန် ၁း၃၀ နာရီ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

“လေယာဉ်မှာ ထိုင်ခုံပေါင်း ၇၀ ကျော်ရှိပေမယ့် COVID-19 စည်းမျဉ်းစည်းကမ်းအရ ၅၂ ယောက်ပဲလိုက်ပါလို့ရပါမယ်။ ကျွန်တော်တို့ ခရီးစဉ်မှာတော့ ခရီးသည်လူ ၃၀ ကျော် လောက်လိုက်ပါစီးနင်းမှာပါ။ ဈေးနှုန်းတွေက ပြတင်းပေါက်ဘေးက ထိုင်ခုံက ၉၀၀၀၀ ကျပ်ပါ။ အလယ်ခုံက တော့ ၆၀၀၀၀ ကျပ်သတ်မှတ်ထားပါတယ်။’’ ဟုဦးနောင်းနောင်းဟန်က ဆက်ပြောသည်။

အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flights Tour)ကို လိုက်ပါစီးနင်းမည့် ခရီးသည်များသည် COVID-19 ရောဂါရှိမရှိ မိမိအစီအစဉ်ဖြင့် စစ်ဆေးရမည်ဖြစ်ပြီး Negative ဖြစ်မှသာ လေယာဉ်ပေါ် တက်ခွင့်ရမည်ဖြစ်ကြောင်း၊ လေယာဉ်မှာလည်း ရန်ကုန်လေဆိပ်မှတက်၍ ရန်ကုန်လေဆိပ်တွင် ပြန်ဆင်းမည်ဖြစ်သောကြောင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း ဝင်ရန်မလိုကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.