Connect with us

MYANMAR

COVID-19 ကူးစက်ခံရသူအသစ် ၁၁၁၆ ဦးဖြင့် ပိုးတွေ့ရှိမှုနှုန်း ၄ ဒဿမ ၆ ရာခိုင်နှုန်းရှိ

နှာခေါင်းစည်းဖြင့် စွန်လွှတ်နေသည့်ကလေးတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့သည့် နမူနာပေါင်း ၂၄,၅၀၁ ခု အနက် COVID-19 ရောဂါကူးစက်ခံရသူအသစ် ၁၁၁၆ ဦးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုမှာ ၄ ဒဿမ ၆ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လူထုအခြေပြုဖျားနာကုအခမဲ့ဆေးခန်း (ရွှေပြည်သာမြို့နယ်) မှတာဝန်ခံဆရာဝန် ဒေါက်တာသစ်လွင် က “ကျွန်တော်တို့ဆီ လူနာတွေတော့နည်းသွားတယ်။ ဒီဇင်ဘာလ အစပိုင်းအထိ ဆရာတို့ဆီကို လူနာ ၅၀ ကနေ ၇၀ လောက်လာတယ်။ ဒီဇင်ဘာ ဒုတိယပတ်လောက်မှာတော့ လူနာက ၂၀ လောက်ပဲ ရှိတယ်။ နည်းလာတယ်။ ပိုးတွေ့နှုန်းက ဝန်းကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုပဲ အဓိကကြည့်ရမှာပါပဲ။ ကျွန်တော့်အနေနဲ့တော့ သတိထားဖို့လိုပါသေးတယ်။ ပြည်သူတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေကို ဒီ New Normal Life မှာ ကျင့်ဝတ်တစ်ခုလို စောင့်ထိန်းရမယ့် ကိစ္စတစ်ခုလို့ ကျွန်တော့်အနေနဲ့ အလေးအနက်ပြောချင်ပါတယ်’’ ဟုပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သောစာရင်းများအရ COVID-19 ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ဒီဇင်ဘာ ၉ ရက်တွင် ၆ ဒဿမ ၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် ၅ ဒဿမ ၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၁ရက်တွင် ၆ ဒဿမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ၅ ဒဿမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၆ ဒဿမ ၁ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် ၆ ဒဿမ ၁ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၅ ရက်တွက် ၄ ဒဿမ ၈ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၅ ဒဿမ ၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် ၅ ဒဿမ ၁ ရာခိုင်နှုန်းနှင့် ယနေ့ ဒီဇင်ဘာ ၁၈ ရက်တွင် ၄ ဒဿမ ၆ ရာခိုင်နှုန်းရှိပြီး ၁၀ ရက်အတွင်း အနိမ့်ဆုံး ရာခိုင်နှုန်းဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်တွင် COVID-19 ရောဂါဖြင့် သေဆုံးလူနာ ၂၁ ဦးရှိပြီး ယနေ့အထိ စုစုပေါင်း သေဆုံးသူ ၂၃၉၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ယနေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၃၇၉ ဦးရှိပြီး စုစုပေါင်း ၉၂,၉၁၆ ဦး မှာဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း၊ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၅၅၁,၅၃၈ ခုအားစစ်ဆေးပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)