MYANMAR
မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးတွေ့ရှိသူ ၇ ရက်ဆက်တိုက် ၄ ရာခိုင်နှုန်းကျော်သာရှိလာ
ရန်ကုန် ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၇ ရက် ဆက်တိုက် ၄ ရာခိုင်နှုန်းကျော်သာရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ရောဂါပိုးကူးစက်မှုသည် ဒီဇင်ဘာ ၁၇ ရက်၌ ၅.၁ရာခိုင်နှုန်းရှိခဲ့ရာမှ ဒီဇင်ဘာ ၁၈ ရက်မှ စတင်ပြီး ယနေ့(ဒီဇင်ဘာ ၂၄ ရက်)ထိ ၄ ရာခိုင်နှုန်းကျော်သာရှိလာကြောင်း ၊ ယနေ့ ပိုးတွေ့ရှိမှုသည် ၄.၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၁၉ဦး စစ်ဆေးတွေ့ရှိပြီး သေဆုံးသူ ၂၅ ဦးရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ COVID-19ရောဂါစတင်ကူးစက်လာချိန်မှ ယနေ့အထိ ရောဂါဖြစ်ပွားသူ ၁၁၉,၇၈၈ဦး အနက် ၂,၅၃၂ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရသိရသည်။
COVID-19ရောဂါဖြစ်ပွားသူများထဲတွင် ယနေ့(ဒီဇင်ဘာ ၂၄ ရက်)ထိ ဆင်းရုံက ဆင်းခွင့်ရရှိသူ ၉၉,၉၂၇ ဦးရှိကြောင်း သိရသည်။
အဆိုပါCOVID-19 ကုသရေးဌာနများတွင် တက်ရောက်နေသော COVID-19 ပိုးတွေ့လူနာများအနက် ရောဂါလက္ခဏာနှင့် ရောဂါအခံများလည်းမရှိဘဲ သင့်တော်သည့် အိမ်အခြေအနေရှိသောသူအချို့အား COVID-19 ကုသရေးဌာနတွင် ရက်အတိုင်းအတာတစ်ခုထားရှိပြီးနောက် နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားနိုင်ရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။
ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၌ အထူးသဖြင့် ဈေးများ၊ စက်ရုံ အလုပ်ရုံများတွင် COVID-19 ကာကွယ်ရေးစည်းကမ်းမလိုက်နာသူများအား အချင်းချင်း အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ပြုလုပ်ကြစေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း COVID-19 ကာကွယ်ရေး စည်းကမ်းချက်များကို ပြည်သူလူထုအတွင်း ပိုမိုလိုက်နာကြစေရေး ပိုမိုကြီးကြပ် ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းကဆိုသည်။ (Xinhua)