Connect with us

MYANMAR

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု ၅ ရာခိုင်နှုန်းအောက် ဆက်တိုက်ကျဆင်းနေသော်လည်း မပေါ့ဆသင့်ဟုဆို

နှာခေါင်းစည်းဖြင့်သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု ၅ ရာခိုင်နှုန်းအောက်ဆက်တိုက်ကျဆင်းလျက်ရှိသော်လည်း ကမ္ဘာ့နိုင်ငံတစ်ခု၏ သုတေသနပြုလုပ်ဆောင်ချက်အရ COVID-19 မျိုးဗီဇပြောင်းလဲမှုအားတွေ့ရှိခဲ့ရကြောင်း၊ ယင်းမျိုးဗီဇပြောင်းလဲ ရောဂါ၏ကူစက်မှုနှုန်းသည် ၇၀ရာခိုင်နှုန်းခန့် ပိုမြန်သောကြောင့် လက်ရှိအခြေအနေအားမပေ့ါဆသင့်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၄ ရက် တွင်ပြောသည်။

“အင်္ဂလန်မှာ ဆိုရင်COVID-19 ပိုးက မျိုးဗီဇပိုပြောင်းလဲတာတွေ့ရတယ်။ အဲဒါကကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမြန်တယ်။ ကူးစက်မှုနှုန်းသာမြန်လာတယ်။ ပြင်းအားလျော့သွားတယ်လို့မရှိဘူး။ ဗိုင်းရပ်စ်တော်တော် များများက ကူးစက်မှုနှုန်းမြန်ရင် ပြင်းအားလျော့တယ်။ COVID-19 ကြတော့ အဲလိုမျိုးမဟုတ်ဘူး။ အဲဒီတော့ ပိုသတိထားပြီး ကာကွယ်ဖို့လိုတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယခုရက်ပိုင်းတွင် COVID-19ရောဂါပိုးတွေ့ရှိမှုသည် ဆက်တိုက် ၅ ရာခိုင်နှုန်းအောက်ကျလျက်ရှိသောကြောင့် လက်ရှိအနေအထားမှာ အကောင်းဘက်သို့ ဦးတည်နေကြောင်း၊ ယင်းအခြေအနေထက် ပိုးတွေ့ရှိမှု ဆက်လက်ကျဆင်းရန်မှာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း ၎င်းကဆိုသည်။

“အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိမှုနှုန်းက ၅ ရာခိုင်နှုန်းအောက်ရောက်ပေမယ့် COVID-19 နဲ့ အတူ နှစ်ပေါင်းများစွာယှဉ်တွဲနေထိုင်ရမယ့် သဘောရှိတယ်။ဒီဟာကြီးက ရုတ်တရက် ကာကွယ်ဆေးနဲ့ပပျောက်သွားဖို့ကမလွယ်ဘူး။ COVID-19 က လူ ၁ သိန်းဖြစ်ရင် ၂၀,၀၀၀ လောက်က ဆေးရုံပေါ်မှာ ပြင်းပြင်းထန်ထန်ကုသမှုတွေ လုပ်ဖို့လိုအပ်တယ်။ ၄၀,၀၀၀ လောက်က ရောဂါလက္ခဏာတွေပြနိုင်တယ်။ ၄၀,၀၀၀လောက်က ရောဂါလက္ခဏာမပြနိုင်ဘူး။ လူ ၁ သန်းဖြစ်ရင် ၂ သိန်းကရောဂါပြင်းထန်နိုင်တယ်။ အဲဒီထဲမှာ ၅၀,၀၀၀လောက်က ICU ထဲကိုရောက်ပြီး ၃၀,၀၀၀ လောက်ကသေဆုံးနိုင်တယ်’’ ဟု ဒေါက်တာသန်းနိုင်စိုးက ဆက်ပြောသည်။

ထို့ကြောင့် လက်ရှိကျဆင်းရိပ်ရှိနေသော ကောင်းမွန်သည့်အခြေအနေအား ဆက်လက်ထိန်းသိမ်း၍ ပိုးတွေ့ရှိမှုနှုန်းဆက်လက် ကျဆင်းစေရန် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးခပ်ခွါခွါနေခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်းတို့အား အထူးဂရုပြုဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)