MYANMAR
မြန်မာနိုင်ငံ၌ ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲနမူနာများအနက် ရောဂါဖြစ်ပွားသူ ၃.၁ ရာခိုင်နှုန်းရှိ
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်
မြန်မာနိုင်ငံတွင် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာများအား စစ်ဆေးချက်အရ COVID-19 ရောဂါဖြစ်ပွားသူ ၃.၁ ရာခိုင်နှုန်းရှိကြောင်း ယနေ့ (ဇန်နဝါရီ ၇ ရက်) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ယနေ့ ဓာတ်ခွဲနမူနာ ၁၈,၉၅၃ ခုအား စစ်ဆးရာတွင် COVID-19 ရောဂါဖြစ်ပွားသူ ၈၉၄ ဦးတွေ့ရှိပြီး စုစုပေါင်း ရောဂါဖြစ်ပွားသူ ၁၂၈,၇၇၂ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါဖြစ်ပွားသူများထဲမှ ယနေ့ သေဆုံးသူ ၁၄ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ ၂၇၉၉ ဦးရှိလာကြောင်း သိရသည်။
အဆိုပါ COVID-19 ရောဂါဖြစ်ပွားသူ ၁၂၈,၇၇၂ ဦး၌ ယနေ့ ဆေးရုံက ဆင်းခွင့်ရသူ ၆၄၇ ဦးရှိပြီး စုစုပေါင်း ဆေးရုံဆင်းခွင့်ရသူ ၁၁၂,၀၄၈ ဦးရှိကြောင်း၊ ယနေ့ချိန်ထိ COVID-19 ရောဂါဓာတ်ခွဲနမူပေါင်း ၁,၉၄၀,၆၂၁ ခုစစ်ဆေးပြီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၆၃ ရာခိုင်နှုန်း မှ ၈၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိသောကြောင့် မိမိပတ်ဝန်းကျင်တွင် ရောဂါရှိသူများ ရှိနေနိုင်ပြီး မည်သူထံတွင် ရောဂါရှိသည်ကို အမြင်အားဖြင့် မသိရှိနိုင်ကြောင်း ၊ သို့ဖြစ်၍ COVID-19 ကာကွယ်ရေးနည်းလမ်းများကို မိသားစုဝင်အချင်းချင်း ၊ မိတ်ဆွေအချင်းချင်း ၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်း အသိပေးခြင်း နှင့် သတိပေးခြင်းများကို အမြဲတမ်း ပြုလုပ်ကြရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှု များပြားနေဆဲ ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် ထိန်းချုပ်ထားနိုင်ခဲ့သည့် နိုင်ငံအချို့တွင်လည်း ကူးစက်ဖြစ်ပွားမှုများ ပြန်လည်များပြားလာနေသည်ကို တွေ့ရှိနေရကြောင်း ၊ မြန်မာနိုင်ငံ၌ ထိုသို့ မဖြစ်ရေး အထူးဂရုစိုက်ရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ထုတ်ပြန်ထားသည်။ (Xinhua)