MYANMAR
အမျိုးသား အဆင့် စေတနာ့ဝန်ထမ်း အသင်းချုပ် (National Volunteer Corps) ဖွဲ့စည်းမည်
နေပြည်တော်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းစဉ် များတွင် လည်းကောင်း၊ နောင်တွင် ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် အရေးပေါ် အခြေအနေများတွင် လည်း ကောင်း နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့် အညီ စုပေါင်း ပါဝင် ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ Quarantine Center များတွင် တာဝန် ထမ်းဆောင် လျက်ရှိသော စေနာ့ ဝန်ထမ်း volunteer များကို စနစ် တကျ စုစည်း၊ ပံ့ပိုး၊ လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသား အဆင့် စေတနာ့ ဝန်ထမ်း အသင်း ချုပ် (National Volunteer Corps ) ကိုဖွဲ့စည်းသွားမည် ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက ဧပြီလ ၂၂ ရက်နေ့စွဲဖြင့် နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့အားလုံးသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။
နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက “ဒီညွှန်ကြားချက်က နေပြည်တော် ကောင်စီရုံးကို ရောက်နေပါပြီ၊ ၂၀၂၁ အောက်တိုဘာမှာ စပြီး သုံးရမယ့် ဘတ်ဂျက်တွေ ဒီမနက် ဆွေးနွေးပြီးသွား ပြီ ဖြစ်လို့ National Volunteer Corps ဖွဲ့စည်းရေးကို ဒီရက်ထဲမှာပဲ ဆက်လက် ဆောင်ရွက်သွား မှာပါ၊ ကျွန်တော့်ဆီမှာ နေပြည်တော် ကောင်စီနယ်မြေထဲက ပရဟိတ အဖွဲ့တွေရဲ့ စာရင်းတွေ quarantine center တွေက လုပ်အားပေး စာရင်းတွေ ရှိပါတယ်၊ အဲဒီအဖွဲ့တွေနဲ့ တွေ့ပြီး လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ဆင်ဟွာသို့ ယနေ့ နေ့လယ်ပိုင်း ဖုန်းဖြင့် ဖြေကြားခဲ့သည်။
COVID-19 ကာကွယ် ထိန်ချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းစဉ် များတွင် နိုင်ငံ အနှံ့အပြားရှိ quarantine centre အသီးသီး၌ စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ များသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် တစ်တပ်တစ်အား ဖြစ်စေကြောင်း၊ ကျရာ တာဝန် များ ကို ဝင်ရောက် ကူညီ ဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းများအတွက် ရေရှည် ရပ်တည် နိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်နိုင်မှုအတွက် စနစ်တကျ စုဖွဲ့နိုင်စေပြီး အလှူရှင် လူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် ဟန်ချက်ညီ ချိတ်ဆက် ဆောင်ရွက်နိုင်စေရေး၊ သာမန်အချိန်တွင် စွမ်းရည် မြှင့်တင်မှု အစီအစဉ်များ ဆောင်ရွက်နိုင်စေရေးအတွက် စီမံ ဆောင် ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း အကြောင်းကြားစာတွင် ဖော်ပြ ပါရှိသည်။
အဆိုပါ အကြောင်းကြားစာတွင် quarantine center များအလိုက်၊ နယ်မြေဒေသအလိုက် စေတနာ့ဝန်ထမ်းဆောင်ရွက်နေသူများ၏ စာရင်းကောက်ယူရန်၊ quarantine center များ ၏ လိုအပ်ချက်များကို ကွင်းဆင်းပြီး စာရင်းကောက်ယူရန်၊ အဆိုပါ လိုအပ်ချက်များကို အလှူရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ စေတနာ့ ဝန်ထမ်းများအတွက် လိုအပ်သည့် အခမဲ့ ကျန်းမာရေး ပုံမှန် စစ်ဆေးမှု၊ နေရာထိုင်ခင်းနှင့် လုံခြုံရေး အကာအကွယ်များ စီစဉ် ဖြည့်ဆည်းပေးခြင်း၊ သွားလာရေးအတွက် စက်သုံးဆီများနှင့် အခြား လိုအပ်ချက်များ စီစဉ်ပေးခြင်း၊ လှူဒါန်းလိုသူများအတွက် နိုင်ငံပိုင် မီဒီယာများမှ ကြေညာပေးခြင်းများကို ဆောင်ရွက်ရန်နှင့် အလှူရှင် မရရှိပါက နိုင်ငံတော် အစိုးရက ကျခံနိုင်ရေး လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြတောင်းခံရန် အစရှိသည့် လုပ်ငန်းစဉ် ခုနစ်ရပ်တို့ ဖော်ပြ ပါရှိသည်။
ထိုသို့ ဖွဲ့စည်းရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “COVID -19 တိုက်ပွဲကြီးမှာ အရေးကြီးပါတဲ့ ကဏ္ဍက ပါဝင်နေတဲ့ စေတနာ့ ဝန်ထမ်းများရဲ့ အင်အားတွေကို နိုင်ငံတော် အတွက် စနစ်တကျ သုံးနိုင်အောင် ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်၊ အဖွဲ အတွက် ဆောင်ပုဒ်က တော့ မေတ္တာ၊ စာဂ၊ ဝီရိယ ပါ” ဟု သူမ၏ လူမှု ကွန်ယက် စာမျက်နှာတွင် ပြောကြားထားသည်။ (Xinhua)