Connect with us

MYANMAR

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ COVID-19 ကြောင့် မနှောင့်နှေးရန် နှစ်ဘက်လုံးက ကြိုးပမ်းလျက်ရှိဟုဆို

၂၀၁၉ ဇန်နဝါရီ တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် JICM အစည်းအဝေးတစ်ခု၌ ဦးဇော်ဌေး ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (NCA- S EAO:_  Nationwide Ceasefire Agreement signing Ethnic Armed Organization) နှင့် နိုင်ငံတော် အစိုးအကြား ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို COVID-19 ကြောင့် နှောင်းနှေး ကြန့်ကြာမှု မရှိစေရန် နှစ်ဘက်စလုံးက ကြိုးပမ်းလျက် ရှိသည်ဟု နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ညနေပိုင်းက ပြောကြားခဲ့သည်။

“လက်ရှိ NCA-S EAO  အတွင်းမှာလည်း အစိုးရနဲ့ ဆွေးနွေးမှုတွေကို ပြန်ပြီး ဆွေးနွေးနေကြပါတယ်။ NCA-S EAO  ဘက်က ဘုံသဘောထားတွေ ရရှိပြီးရင် အစိုးရနဲ့ ဆက်လက်ပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို COVID-19 ကြောင့် နှောင့်နှေးကြန့်ကြာမှု မရှိအောင် နှစ်ဖက်လုံးက ကြိုးစားနေကြပါတယ်” ဟု ၎င်းက အိမ်တော် သတင်းထောက်များက မေးမြန်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

(၂၁)ရာစုပင်လုံညီလာခံ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အစိုးရနှင့် NCA-S EAO ကြားတွင် ဆက်တိုက် ညှိနှိုင်းမှုများ ရှိနေကြောင်း၊ ဧပြီလ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့မှာ ပြုလုပ်ခဲ့သော အလွတ်သဘော အစည်းအဝေးဆိုလျှင် ၄ ရက်နေ့မှာ တွေ့ဆုံပြီး ဆွေးနွေးပြီး ၅ ရက်နေ့မှာ NCA-S EAO အချင်းချင်း Video Conferencing ဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်း၊  အစိုးရဘက်မှလည်း ပြန်လည်ဆွေးနွေးပြီး ၆ ရက်နေ့တွင် အလွတ်သဘော ပြန်တွေ့ပြီး ဆွေးနွေးခဲ့ပါကြောင်း၊ လာမည့် မေလဆန်းမှာ ထပ်မံ ဆွေးနွေးဖို့ ရှိကြောင်း၊ ထိုသို့ ဆွေးနွေးသည့်အခါ နည်းလမ်း နှစ်ရပ် အဆိုပြုထားကြောင်း၊ ပထမ နည်းလမ်းမှာ ပြည်တွင်း၌ရှိနေသော NCA-S EAO ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ Physical Distancing ဖြင့် အလွတ်တွေ့ဆုံဆွေးနွေးကြဖို့ ဖြစ်ပြီး NCA-S EAO အချင်းချင်း အွန်လိုင်းဖြင့် ဆွေးနွေးပြီးသည့်အခါ အစိုးရအဖွဲ့နှင့် ပြန်တွေ့သည့် နည်းလမ်း ဖြစ်ကြောင်း၊ ဒုတိယနည်းမှာ အွန်လိုင်းချိတ်ဆက်ပြီး  Video Conferencing  ဖြင့် ဆွေးနွေးဖို့ ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ရှင်းလင်း ဖြေကြားခဲ့သည်။  (Xinhua)