Connect with us

MYANMAR

YBS စီးနင်းသူဦးရေ ၅ ရက်အတွင်း ၂၅ ရာခိုင်နှုန်းလျော့ကျ၊ နှာခေါင်းစည်းမပါလျှင် YBS စီးနင်းခွင့်မပြု 

ဘတ်စ်ကားမှတ်တိုင်တွင် နှာခေါင်းစည်းဖြင့် ကားစောင့်နေသူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) 

ယခုရက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 အတည်ပြုလူနာများစွာ တွေ့ရှိလာရသောကြောင့် YBS စီးနင်းမှု က ၁၀ သိန်းဝန်းကျင်မှ ၇၅၀,၀၀၀ အထိ ၅ ရက် အတွင်း စီးနင်းသူ ၂၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း၊ ထို့အတူ ယနေ့မှ စ၍ နှာခေါင်းစည်းမပါလျှင်YBS စီးနင်းခွင့်မပြုဟူသောစတစ်ကာ များ ကပ်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ စက်တင်ဘာ ၁၁ ရက်တွင် ပြောသည်။ 

“ကျွန်တော်တို့အနေနဲ့ COVID-19 အတည်ပြုလူနာတွေ အတွေ့များလာတဲ့အချိန်မှာ YBS ကို စီးနင်းသူတွေ ရောဂါကူးစက်ခြင်းမခံရဖို့အတွက် အထူးဂရုစိုက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ COVID-19 ရောဂါဖြစ်ပွားတဲ့ အချိန်ကစပြီးတော့YRTA အနေနဲ့ က သယ်ယူပို့ဆောင်ရေးရော၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးရော ကို ဆောင်ရွက်ပါတယ်။  ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက် အားလုံးကို လိုက်နာလုပ်ဆောင်နေပါတယ်။အခု ဒီရက်ပိုင်းမှာ နှာခေါင်းစည်း ၃၀,၀၀၀ဝေတယ်။ ယာဉ်မောင်း တွေ ကို နှာခေါင်းစည်းအပြင် မျက်နှာကာ တွေပါ အသုံးပြုဖို့ ကျွန်တော်တို့ YRTA အနေနဲ့ ထောက်ပံ့ပေးနေပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ထို့အပြင် COVID-19 ရောဂါနှင့်ပတ်သက်၍ သြဂုတ် ၁၆ ရက်နောက်ပိုင်း  ရခိုင်ပြည်နယ် ဘက်မှ ဖြစ်စဉ် ပေါ်မူတည်ပြီး ရန်ကုန်တွင်ရောဂါပြန့်ပွားမှုအခြေအနေများကြောင့် YRTA အနေဖြင့် ရောဂါကာကွယ်ရေးများ အားတိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များဖြစ်သော ယာဉ်မောင်းများ နှာခေါင်းစည်းတပ်ခြင်း၊  ခရီးသွားပြည်သူများ နှာခေါင်းစည်းတပ်ခြင်း၊ Hand Gel အသုံးပြုခြင်း၊ ခပ်ခွါခွါစီးနင်းခြင်း အပြင် YBSခရီးသည်တင်ယာဉ် များအားပိုးသတ်ဆေးဖျန်းခြင်း နှင့် သန့်ရှင်းရေး များလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“နှာခေါင်းစည်းမပါရင် YBS စီးနင်းခွင့်မပြုဟူသောစတစ်ကာ တွေ ကို ကျွန်တော်တို့ ဒီနေ့ကားတွေ မှာ ကပ်ရတာ က ပြည်သူတွေ ကို မဖြစ်မနေ တစ်ကိုယ်ရည်ကာကွယ်မှု တွေ လုပ်စေချင်လို့ပါ။ ဒီရောဂါ ကိုယ်စီကာကွယ်မှ မိမိ ပတ်ဝန်းကျင် ကိုကာကွယ်နိုင်မှာဖြစ်လို့  ကျွန်တော်တို့ အထူးဂရုစိုက်ပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်’’ ဟု ဦးလှအောင်ဆက်ရှင်းပြသည်။ 

အောက်တိုဘာ ၁၀ ရက်တွင်  YBS ပြေးဆွဲလမ်းကြောင်း (၁၂၈) လိုင်းမှ မော်တော်ယာဉ်စီးရေ (၃,၁၉၁) စီးဖြင့် ခရီးသည် (၇၅၁,၇၇၄) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  (Xinhua)