Connect with us

Culture & Entertainment

ပုဂံရှိ ရှေးဟောင်း အဆောက်အအုံများ ကြံ့ခိုင်မှု စစ်ဆေးစိစစ်ရေး ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဖွဲ့စည်း ဆောင်ရွက်နေ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ပုဂံဒေသရှိဘုရားတစ်ဆူ။ (ဓာတ်ပုံ-ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံများ၏ ကြံ့ခိုင်မှုများကို စစ်ဆေးစိစစ်၍ အနာဂတ်ကာလတွင် ဦးစားပေးအဆင့် အလိုက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ကျွမ်းကျင် ပညာရှင် ဝန်ထမ်းများ ပါဝင်သော ရှေးဟောင်း အဆောက်အအုံများ ကြံ့ခိုင်မှု စစ်ဆေးစိစစ်ရေး အဖွဲ့ကိုဖွဲ့စည်း၍ ကွင်းဆင်း စစ်ဆေး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ထိုရှေးဟောင်း အဆောက်အအုံများ ယိုယွင်းမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြိုကျပျက်စီးမှုများ မဖြစ်ပေါ်စေရန် အတွက် ကြံ့ခိုင်မှု အခြေအနေကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ပြုပြင်လျက် ရှိသော်လည်း ထောင်ပေါင်းများစွာသော ရှေးဟောင်း အဆောက်အအုံများကို ဌာနတစ်ခုတည်းထက် ပညာရှင်များစုပေါင်း၍ ခေတ်မီနည်းစနစ်များဖြင့် စစ်ဆေးထိန်းသိမ်းခြင်း များဆောင်ရွက်ရန် လိုအပ်ပြီး ထိန်းသိမ်းရေး လုပ်ငန်းများကို ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် မိုးတွင်းကာလ အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှေးဟောင်း အဆောက်အအုံများ ကြံ့ခိုင်မှု အခြေအနေကို စိစစ်ပြီး ထိန်းသိမ်းရေး လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်ရန် သမိုင်းတန်ဘိုး၊ ဗိသုကာ လက်ရာ တန်ဘိုး၊ ရှေးဟောင်း သုတေသနဆိုင်ရာ တန်ဘိုးများဖြင့် ဦးစားပေး အဆင့် အလိုက် စိစစ် ရွေးချယ်ရန် ၊ စိစစ်ရွေးချယ်ပြီး ဘုရားများကို ဦးစားပေး အဆင့် အလိုက် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် ၊ သက်တမ်း ကြာမြင့်နေပြီး သဘာဝဘေးဒဏ် အမျိုးမျိုးကြောင့် ထိခိုက်မှုရှိသည့် အရေးပေါ်ပြုပြင်ရန် လိုအပ်သောဘုရားများ (Monuments in Danger) ကိုဦးစားပေး ဆောင်ရွက်ရန်၊ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပျက်ဆီးမှု အခြေအနေပေါ် မူတည်၍ သင့်လျော်သော ထိန်းသိမ်းရေး နည်းပညာနှင့် ပစ္စည်းများ အသုံးပြုရန်၊ ယခုနှစ်ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု တစ်ခုတည်းထက် အနာဂတ် ကိုမျှော်မှန်းပြီး စီမံကိန်းပုံစံ ဆောင်ရွက်ရန်၊ လုပ်ငန်း ဆောင်ရွက်ရာတွင် လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ရန် စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှေးဟောင်း အဆောက်အအုံများ ကြံ့ခိုင်မှု စစ်ဆေးစိစစ်ရေး အဖွဲ့မှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ယခုလဆန်းပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

ပုဂံဒေသသည် ၄၂ စတုရန်းမိုင်ကျယ်ဝန်းပြီး ယင်းဧရိယာအတွင်း၌ ရှေးဟောင်းဘုရားစေတီ ၁၇၄၅ ဆူ၊ ဘုန်းတော်ကြီးကျောင်း အုတ်တိုက် ၄၃၂ ကျောင်း၊ အုတ်လိုဏ်ဂူ အစရှိသည့် သာသနိကအဆောက်အအုံ ၅၄ လုံးနှင့် အုတ်ကုန်းများ ၈၉၂ ကုန်း ၊ စုစုပေါင်း အဆောက်အအုံ ၃၁၂၂ လုံးတို့ ပျံ့နှံ့တည်ရှိနေကြောင်း သိရသည်။ (Xinhua)