Connect with us

Education & Health

သွေးလွန်တုပ်ကွေး ရောဂါကြောင့် ယခုနှစ်အတွင်း သေဆုံးသူ ၁၀၇ ဦးရှိ

ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီး နှိမ်နင်းရေး စီမံချက်၏ (၂၀၁၈) ခုနှစ်အတွက် နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်ဆွေးနွေးခြင်း အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ကမ္ဘာကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယခုအခါ ကမ္ဘာနှင့်တစ်ဝန်းတွင် သိသာစွာ မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားသူ ၃၁,၂၈၈ ဦးနှင့် သေဆုံးသူ ၁၉၂ ဦး ရှိခဲ့ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ဖြစ်ပွားသူ ၂၂,၂၀၄ ဦး နှင့် သေဆုံးသူ ၁၀၇ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီး နှိမ်နင်းရေး စီမံချက်၏ (၂၀၁၈) ခုနှစ်အတွက် နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်ဆွေးနွေးခြင်း အစည်းအဝေး (VBDC annual review meeting 2018)အား ဒီဇင်ဘာ ၁၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ရာ ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများသည် ပြည်သူလူထု ကိုယ်တိုင် တက်ကြွစွာဖြင့် ပါဝင် မှုသာ အောင်မြင်မှု ရရှိ နိုင်မည် ဖြစ်ကြောင်း ၊ ရောဂါ ကာကွယ် နှိမ်နင်းရေးနှင့် ကုသရေး လမ်းညွှန်များကို ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းများထံသို့ပါ ရောက်ရှိစေရေး နှင့် ဖတ်ရှု အသုံးပြုရ လွယ်ကူစေရေး တို့ကို ပြုလုပ် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ထို့အတူ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၈၅,၀၁၉ ဦး ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၃၀ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဖြစ်ပွားသူ ၃၁,၉၆၄ ဦးနှင့် သေဆုံးသူ ၈ ဦး ရှိခဲ့သဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၎င်းက အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ဆင်ခြေထောက်ရောဂါသည်လည်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖြစ်ပွားမှု ရှိနေ သေးကြောင်း ၊ ၂၀၂၀ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးအတွက် ၂၀၀၁ ခုနှစ်မှ စတင်၍ “လူအားလုံးကို ဆေးကျွေးခြင်းလုပ်ငန်း” ကိုဆောင်ရွက်လျက်ရာ ပြည်သူများကိုယ်တိုင် ပိုမိုပူးပေါင်းပါဝင်မှသာ အောင်မြင်မှု ရရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူမှာ ၂၀၁၇ ခုနှစ်တွင် ၄၀၄ ဦးရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် တွင် အသက် (၉)လ မှ (၁၅)နှစ် အတွင်းကလေးငယ်များတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုသည် ၉၂ ရာခိုင်နှုန်း ကျော် ရှိသဖြင့် ရောဂါဖြစ်ပွားမှု ၁၀၇ ဦးသာ ရှိခဲ့ကာ သိသာ ထင်ရှားစွာ လျော့ကျလာပြီ ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း (surveillance) သည် အခရာကျပြီး နိုင်ငံများအကြား ထိစပ်လျက်ရှိသော နယ်စပ်ဖြတ်ကျော်ဒေသများရှိ ရွှေ့ပြောင်းလူထုများတွင် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.